ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယား ဆက်ဆံရေး ပိုမိုကောင်းမွန်လာတာဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်တဲ့ နှစ်နိုင်ငံကြား လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေပါတယ်လို့ တောင်ကိုးရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက မတ်လ ၁ ရက်မှာ ပြောပါတယ်။
လာမယ့်နှစ်ဟာ ဂျပန်နဲ့ ပုံမှန်သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် နှစ်ပတ်လည် ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုမြင့်မားတဲ့ အဆင့်ကို ရောက်ရှိဖို့ အခွင့်အလမ်း ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း လွတ်လပ်ရေးအားလပ်ရက် အထိမ်းအမှတ် အခမ်းအနားမှာ သမ္မတယွန်းက ပြောကြားခဲ့ပါတယ်။
အခုဆိုရင် ကိုရီးယားနဲ့ ဂျပန်တို့ဟာ နာကျင်စရာအတိတ်ကို ကျော်လွှားပြီး ကမ္ဘာသစ်ဆီ ဦးတည်ဖို့ အတူတကွ လုပ်ဆောင်နေပါတယ်လို့လည်း သူက ဆိုပါတယ်။
လွတ်လပ်မှု၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးစံနှုန်းတွေကို မျှဝေရင်း၊ ဂျပန်-ကိုရီးယား နှစ်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ဘုံအကျိုးစီးပွားကို လိုက်စားတဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်လာခဲ့ပြီလို့လည်း သမ္မတယွန်းက ပြောပါတယ်။
မြောက်ကိုရီးယားနဲ့ ပေါင်းစည်းရေးဟာ စိန်ခေါ်မှုတခုဖြစ်တာကြောင့် ဆိုးလ်ဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ အကူအညီလိုအပ်မယ်လို့လည်း သမ္မတယွန်းက ပြောကြားခဲ့ပါတယ်။
သမ္မတယွန်းရဲ့ ရှေးရိုးဆန်တဲ့ အုပ်ချုပ်မှုအောက်မှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာပြီး မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီးယား အစီအစဉ်တွေ ကြီးထွားလာနေချိန်မှာ ဆိုးလ်ဟာ နှစ်ပေါင်းများစွာ သမိုင်းဝင် တင်းမာမှုတွေ၊ ဖိစီးမှုတွေ ပြည့်နှက်နေတဲ့ တိုကျိုနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ကြိုးပမ်းခဲ့ပါတယ်။
Source/Photo - Reuters