ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းမြို့နယ်တွေမှာ မတ်လ ၁ ရက် ညက ဗုံးလေးကြိမ်ပေါက်ခဲ့ပြီး အမျိုးသားသုံးယောက်နဲ့ အမျိုးသမီးတယောက်တို့ သေဆုံးကာ အမျိုးသမီးတယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လှိုင်သာအရှေ့ပိုင်းမြို့နယ်၊ ၂ ရပ်ကွက် ရန်ကုန်-ညောင်တုန်းလမ်းမပေါ်မှာ မနေ့ ည ၇ နာရီခွဲက ဗုံးပေါက်ခဲ့ရာ စက်ဘီးလာတဲ့ အမျိုးသားနှစ်ယောက် သေဆုံးခဲ့တယ်လို့ ၂ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"၁ ထိပ်မှတ်တိုင် မီးပွိုင့်နားမှာပေါက်တာ စက်ဘီးစီးလာတဲ့ ကောင်လေးနှစ်ယောက် ထိသွားတယ်။ ပွဲချင်းပြီးပဲ စစ်တပ်က လာတော့ အဲ့နားမှာ ဗုံးတလုံးထပ်တွေ့တယ်။ စစ်တပ်က စစ်ဆေးနေတဲ့အချိန် နောက်ဗုံးတလုံးပေါက်တယ်။ အထက ၃ ကျောင်းစက်မှုဇုန်ဘက်မှာ ပေါက်တာ။”
လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ ၁၇ ရပ်ကွက် စက်မှုဇုန် (၅) သံလွင်လမ်းနဲ့ ဒုတ္တဝတီလမ်းထောင့်မှာ ည ၇ နာရီ ၅၀ မှာ ဗုံးပေါက်ခဲ့ပေမဲ့ လူထိခိုက်မှု မရှိဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အင်းစိန်မြို့နယ် စဥ့်ကူရပ်ကွက်နဲ့ ကွက်သစ်ရပ်ကွက်မှာ မနေ့ ည ၈ နာရီက ဗုံး ၂ ကြိမ်ပေါက်ခဲ့ရာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးပြီး အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
"စဥ့်ကူရပ်ကွက်က ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံမှာ နှစ်ယောက်သေတယ်။ ရဲတွေက ဗုံးပေါက်တယ်လို့ သေတယ်ပဲပြောတာ။ နောက်တလုံးက ကွက်သစ်ရပ်ကွက်က အမက ၁၂ ကျောင်းရှေ့မှ ပေါက်တာ အမျိုးသမီးတဦးသေတယ်။”
သေဆုံးသူတွေဟာ ပေါက်ကွဲမှုဖြစ်တဲ့အချိန် အနီးမှာရှိခဲ့ပြီး ဗုံးသယ်ဆောင်လာသူ တွေဖြစ်တယ်လို့ စစ်တပ်ဘက်က ပြောပေမဲ့ ရဲတပ်ဖွဲ့ကတော့ စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အင်းစိန်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာနဲ့ တောင်ဒဂုံမြို့နယ်တို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပေမဲ့ သေဆုံးသူ မရှိခဲ့ပါဘူး။