Home
နိုင်ငံတကာ
ဟေတီတွင် လက်နက်ကိုင်ဂိုဏ်းများကို တိုက်ဖျက်ရန်  နိုင်ငံစုံတပ်ဖွဲ့များ စေလွှတ်မည်
DVB
·
March 2, 2024

ဟေတီနိုင်ငံမှာ လက်နက်ကိုင်ဂိုဏ်းတွေကို တိုက်ဖျက်ရာမှာ ကူညီပေးမယ့် ဟေတီလုံခြုံရေးမစ်ရှင်အတွက် နိုင်ငံတကာရဲတပ်ဖွဲ့ကို ဘဟားမားစ်၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဘာဒို့စ်၊ ဘနင်းန်နဲ့ ချဒ်နိုင်ငံ ၅ နိုင်ငံတို့က တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးမယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖင်ဒူဂျားရိခ်က ဖေဖော်ဝါရီ ၂၉ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

နိုင်ငံစုံ လုံခြုံရေးထောက်ပံ့ရေးမစ်ရှင်ကို ပံ့ပိုးကူညီမယ့် ဒေါ်လာ ၁၀ ဒသမ ၈ သန်းကိုလည်း အဖွဲ့ရန်ပုံငွေကို အပ်နှံထားပြီး နောက်ထပ် ဒေါ်လာ ၇၈ သန်းကိုလည်း ကတိပြုထားတယ်လို့လည်း ဒူဂျားရိခ်က ပြောပါတယ်။

ဘနင်းန်ဟာ တပ်ဖွဲ့ဝင် ၁၅၀၀ လောက် စေလွှတ်ဖို့ စီစဉ်ထားပြီး ကျန် ၄ နိုင်ငံ ကတော့ တပ်ဖွဲ့ဝင် ဘယ်လောက် ကတိကဝတ်ပြုထားတယ် ဆိုတာကို ချက်ချင်းမသိရသေးပါဘူး။

ဟေတီနိုင်ငံဟာ သူ့ရဲ့မြို့တော် ပို့ထ်‌အောပရင့်စ်ကို အကြီးအကျယ် လွှမ်းမိုးထားတဲ့ အကြမ်းဖက်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ အကူအညီတောင်းခံပြီးနောက် ၁ နှစ်အကြာမှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အောက်တိုဘာလမှာ နိုင်ငံခြားလုံခြုံရေးမစ်ရှင်ကို ဟေတီကို တရားဝင်ခွင့်ပြုခဲ့ပါတယ်။

ဟေတီရဲ့ အကူအညီတောင်းခံမှုကို တုံ့ပြန်မှုဟာ လုံခြုံရေးအကူအညီပေးရေးမစ်ရှင်ကို ဦးဆောင်လိုတဲ့ နိုင်ငံကို ရှာဖွေဖို့ ကြိုးပမ်းမှုကြောင့် နှောင့်နှေးခဲ့ရပါတယ်။

ကင်ညာနိုင်ငံဟာ ရဲတပ်ဖွဲ့ဝင် ၁,၀၀၀ ပေးပို့မယ်ဆိုတဲ့ ကတိကဝတ်ကို မနှစ်က ကမ်းလှမ်းခဲ့ပေမဲ့ နောက်ပိုင်းမှာ ဒေသဆိုင်ရာ တရားရုံးက အဲဒီအစီအမံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး တားမြစ်ခဲ့ပါတယ်။

ကင်ညာသမ္မတ ဝီလျံ ရူတိုက အဲဒီအစီအစဉ်ကို ဆက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပေမဲ့ ဂူတာရက်စ်ကို အကြောင်းမကြားလာသေးပါဘူး။

ဖေဖော်ဝါရီ ၂၉ ရက်က မြို့တော်မှာ အကြမ်းဖက်မှုနဲ့ သေနတ်ပစ်ခတ်မှုတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဂိုဏ်းခေါင်ဆောင်တယောက်ကတော့ အာဏာပိုင်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲလို့ ပြောဆိုပါတယ်။

ဟေတီဝန်ကြီးချုပ် အေရီယယ်ဟင်နရီက ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပေးထားတဲ့ နိုင်ငံစုံ လုံခြုံရေးမစ်ရှင် ချထားရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် ကင်ညာကိုရောက်ရှိတဲ့နေ့မှာပဲ လက်နက်ကိုင်ဂိုဏ်းတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင် မဟုတ်တဲ့ ပြင်ပရာဇဝတ်မှုတားဆီးရေးအုပ်စုတွေလည်း ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

နေ့ခင်းအချိန်မှာမြို့တွင်းရှိ အဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းအများစုမှာ ပိတ်သွားခဲ့ပြီး ထောင်နဲ့ချီတဲ့ လူတွေဟာ ကြောက်လန့်တကြားနဲ့ မြို့လယ်ဧရိယာကို ခြေလျင် သို့မဟုတ် အများသူငှာ သယ်ယူပို့ဆောင်ရေးနဲ့ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။

အထူးရဲတပ်ဖွဲ့တွေကို  မြို့အနှံ့ ဖြန့်ကြက်ချထားပြီး စစ်ဆေးရေးမှူးတဦး အပါအဝင် အရာရှိ လေးဦး သေဆုံးခဲ့ကြောင်း အမျိုးသားရဲဝန်ထမ်းသမဂ္ဂကပြောပါတယ်။

အကြမ်းဖက်ဂိုဏ်းတွေဟာ သူတို့ရဲ့ပိုင်နက်ကို ချဲ့ထွင်လာခဲ့ပြီး အခုတော့ မြို့တော်ရဲ့အများစုကို ထိန်းချုပ်နိုင်ပြီလို့ ခန့်မှန်းရပါတယ်။

မနှစ်တုန်းက ပဋိပက္ခမှာ လူပေါင်း ၅၀၀၀ နီးပါး သေဆုံးခဲ့ပြီး လူ ၃ သိန်းလောက်ကို သူတို့နေအိမ်တွေကနေ မောင်းထုတ်ခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ တိုက်ပွဲတွေကြောင့် အစားအသောက်နဲ့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေ ရရှိခွင့်လည်း ပိတ်ပင်ခံထားရပါတယ်။ 

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013