စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်က ၅ နှစ်အရွယ် သမီးလေး မမေဇင်ကျော်ကို ပျောက်ဆုံးပြီးနောက် ၃ ရက်အကြာ ဖေဖော်ဝါရီ ၂၈ ရက် နေ့ခင်းပိုင်းက သေဆုံးလျက်သား တွေ့ရှိခဲ့ရတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မမေဇင်ကျော်ဟာ ဖေဖော်ဝါရီ ၂၅ ရက်က အလှူပွဲကနေ အိမ်ကိုပြန်လာတုန်း လမ်းမှာ ပျောက်ဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
ကလေးမြို့ခံတယောက်က “သေဆုံးတာကတော့ သမားရိုးကျမဟုတ်ဘူး။ ကလေးရဲ့နားကပ် ပါသွားတယ်။ သူတို့အိမ်ရဲ့ အနောက်ဘက်နားက လူမနေတဲ့ ရေကန်အသေးလေးထဲက ပြန်တွေ့ကြတာ။ ကျောခြမ်းလက်ပြင်မှာ တခုခုနဲ့ ထိုးသွင်းသတ်ထားတဲ့ ဒဏ်ရာလည်း တွေ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြန်လည်တွေ့ရှိခဲ့တဲ့နေ့ ညမှာပဲ သေဆုံးခဲ့တဲ့ ကလေးရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းက လာရောက်သယ်ဆောင်ပြီး ကလေးမြို့ ပြည်သူ့ဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
လူမှုကူညီရေးအသင်းနဲ့ နီးစပ်သူတယောက်က “ကလေးရဲ့ dead body ကို လာရောက်သယ်ဆောင်ပေးဖို့ အကူအညီတောင်းတာနဲ့ သွားရောက်သယ်ဆောင်ပေးခဲ့ကြတာ။ အလောင်းက ပုပ်နေပြီ။ ကလေးရဲ့နားကပ်ကို ဖြုတ်ထားတာကို ဆရာဝန်ကတော့ အတည်ပြုပြောတယ်။ အခုတော့ ဆရာဝန်ရဲ့ ဆေးစစ်ချက်ကို ယူပြီးပါပြီ” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ မမေဇင်ကျော်ရဲ့ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၂၉ ရက် မနက်မှာပဲ ဆေးရုံက ပြန်လည်သယ်ဆောင်ခဲ့ပြီး သုသာန်ကိုပို့ဆောင်ကာ သင်္ဂြိုဟ်လိုက်ပြီလို့ သိရပြီး ရဲစခန်းမှာ တိုင်ချက်ဖွင့်၊ မဖွင့်ကိုတော့ မိသားစုတွေက မဆုံးဖြတ်ကြရသေးပါဘူး။
ဖေဖော်ဝါရီလဆန်းပိုင်းကလည်း ကလေးမြို့ မြို့သာရပ်ကွက်မှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့ပါတယ်။