ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ နယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရူးတာတို့ဟာ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ရှိ ခါကိဗ်မြို့မှာ မတ် ၁ ရက်က လုံခြုံရေးသဘောတူညီချက် တရပ်ကို လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။
အဲဒီသဘောတူညီချက်မှာ နယ်သာလန်မှ အခုနှစ်အတွက် စစ်ရေးအကူအညီ ယူရို ၂ ဘီလီယံ အပြင် လာမယ့်ဆယ်နှစ်အတွင်း တခြားကာကွယ်ရေးအကူအညီတွေလည်း ပါဝင်ပါတယ်။
ရုရှားနယ်စပ်မှ ၄၂ ကီလိုမီတာလောက်သာ ကွာဝေးတဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ခါကိဗ်ကို မကြေညာဘဲ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း သဘောတူညီချက်ကို ရူးတာက လက်မှတ် ရေးထိုးခဲ့တာဖြစ်ပြီး အဲဒီမှာ ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေကလည်း ပုံမှန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
နယ်သာလန်ဟာ ကိယက်ဗ်နဲ့ ၁၀ နှစ်စာ လုံခြုံရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးတဲ့ ၇ နိုင်ငံမြောက် ဖြစ်ပါတယ်။
အဲဒီသဘောတူညီချက်တွေဟာ အနောက်နိုင်ငံစစ်မဟာမိတ်အဖွဲ့ NATO အဖွဲ့ဝင်ဖြစ်ဖို့ ရည်မှန်းချက်ကို ရောက်တဲ့အထိ ယူကရိန်းလုံခြုံရေးကို မြှင့်တင်ဖို့ ရည်ရွယ်ထားတာပါ။
လွန်ခဲ့တဲ့ ၂ လအတွင်း ကနေဒါ၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ ဒိန်းမတ်နဲ့ ဗြိတိန်တို့ဟာ ယူကရိန်းနဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
Source/Photo - Reuters