မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ ဒီနေ့ မတ် ၂ ရက်နေ့က မီးလောင်ခဲ့လို့ မိန်းကလေးငယ် ၁ ယောက် သေဆုံးပြီး နေအိမ် ၄ လုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့ အားမာန် လူငယ်လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
ချမ်းမြသာစည်မြို့နယ်၊ ၅၉ လမ်းနဲ့ ၁၁၂×၁၁၃ လမ်းကြားမှာ ဒီနေ့ မနက် ၅ နာရီလောက်က မီးလောင်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ယောက် အသက်ဆုံးရှုံးခဲ့ပြီး နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
အားမာန် လူငယ်လူမှုကူညီရေးအသင်းတာဝန်ရှိသူတယောက်က “ဘယ်ကစလောင်တာလဲတော့ မသိရသေးပါဘူး။ မီးကတော့ Level 1 အဆင့်ပါပဲ။ နာရီဝက်ကျော်လောက် သတ်လိုက်ရပါတယ်။ အားလုံး အိမ် ၄ လုံးမီးလောင်သွားပြီး အမျိုးသမီးငယ်တဦးတော့ မီးလောင်ပြီးဆုံးသွားတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိပါဘူး။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ အားမာန် လူငယ်လူမှုကူညီရေးအသင်းတို့ပူးပေါင်းပြီး မီးငြှိမ်းသတ်မှုကြောင့် ၅ နာရီ မိနစ် ၄၀ မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။
မီးလောင်မှုကြောင့် သေဆုံးသွားတဲ့ မိန်းကလေးငယ်အလောင်းကို အားမာန် လူငယ်လူမှုကူညီရေးအသင်းက မန္တလေးပြည်သူ့ဆေးရုံ ရင်ခွဲဌာနကို ပို့ဆောင်ပေးခဲ့ပါတယ်။