ထိုင်းနိုင်ငံဟာ ကုန်ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းစတဲ့ ကဏ္ဍအသီးသီးမှာ တရုတ်နိုင်ငံနဲ့ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးကို အားကောင်းစေဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်က တရုတ် ကမ္ဘာလုံးဆိုင်ရာ ရုပ်မြင်သံကြားကွန်ရက် (CGTN) နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်လို့ရမယ့် ကဏ္ဍအများကြီး ကျန်ရှိနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
မော်တော်ကားလို စက်မှုလုပ်ငန်းတွေမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ့်အပြင် တရုတ်ကုမ္ပဏီတွေဟာ ထိုင်းနိုင်ငံမှာ ရထားတွေနဲ့ တခြားကုန်ပစ္စည်းတွေ ထုတ်လုပ်ရေးကို ထည့်သွင်းစဉ်းစားကြဖို့ မျှော်လင့်ကြောင်း ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
တခြားအာဆီယံဈေးကွက်တွေနဲ့ နှိုင်းယှဉ်ရင် ထိုင်းနိုင်ငံမှာ မဟာဗျူဟာကျတဲ့ ပင်လယ်၊ ဆိပ်ကမ်းနဲ့ လေဆိပ်တွေ၊ သန့်ရှင်းသောစွမ်းအင် ရရှိနိုင်မှု၊ အခွန်မက်လုံးတွေ၊ ကုန်ကျစရိတ် သက်သာမှုနဲ့ ထိုင်းပြည်သူတွေ နွေးထွေးမှု စတဲ့အချက်တွေဟာ ထိုင်းနိုင်ငံရဲ့ ပြိုင်ဆိုင်မှု အားသာချက်တွေ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က အလေးပေး ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်က ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို ပြည်တွင်းခရီးသွားလာရေး မြှင့်တင်မှုအဖြစ် ချီးကျူးလိုက်ပြီး တရုတ်ခရီးသွားတွေကို သူတို့နိုင်ငံမှာလိုပဲ လိုချင်တာတွေ ရရှိအောင် ထိုင်းပြည်တွင်းမှာ နှစ်သက်ခံစားရစေမယ့် ပံ့ပိုးမှုအစီအမံတွေ ပိုကြိုးပမ်း လုပ်ဆောင်ပေးသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
ဗီဇာကင်းလွတ်ခွင့်တွေ အသက်ဝင်လာပြီးနောက် လေကြောင်းလိုင်းများစွာမှ ကမ်းလှမ်းထားတဲ့ ထိုင်းနိုင်ငံသို့ ပျံသန်းမှု အရေအတွက် တိုးလာခြင်းကြောင့် စီးပွားရေးလမ်းကြောင်း ဆက်လက်တက်လာဦးမယ်လို့လည်း မျှော်လင့်ထားပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရဲ့ အကြီးဆုံးရင်းမြစ်ဖြစ်လို့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ စီးပွားရေးနဲ့ကုန်သွယ်မှုက အနီးကပ် ဆက်ဆံရေး ရှိပါတယ်။
အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြားမှာ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုဟာ ၂၀၂၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၂၆ ဒသမ ၂၈ ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။
Source/Photo-Reuters