Home
မြန်မာသတင်း
ရွှေလီသို့ တခါသုံးကတ်ဖြင့် ဝင်ပြီး ရက်ကျော်နေသူ မြန်မာများကို ပြန်ပို့
DVB
·
March 3, 2024
China Border Pass_03032024

မြန်မာ-တရုတ် နယ်စပ်၊ ရွှေလီမြို့ဘက် နယ်စပ်ယာယီဖြတ်ကျော်ခွင့် တခါသုံးကတ်နဲ့ ဝင်လာပြီး နေထိုင်ခွင့်သက်တမ်း လွန်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြီးခဲ့တဲ့ ဖေ‌ဖော်ဝါရီ ၂၉ ရက်နေ့ကတည်းက မြန်မာဘက်ကို ပြန်ပို့နေပြီလို့ ဌာနဆိုင်ရာတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ရွှေလီရောက် နယ်စပ်ဌာနဆိုင်ရာတွေနဲ့ နီးစပ်သူတယောက်က “နေထိုင်ခွင့်သက်တမ်းလွန်နေတဲ့ သူတွေကိုပို့နေတာ ၃ ရက်ရှိပြီ။ အယောက် ၂ဝဝ ကျော်ပြီ။ ယာယီနယ်စပ် ဖြတ်ကျော်ခွင့် တခါသုံးကတ်နဲ့ ဝင်လာသူတွေကိုပဲ ပြန်ပို့တာ။ ရွှေလီမှာ နေတဲ့သူတွေပဲ။ တရုတ်ပြည်ဝင်ခွင့်က မပိတ်ခံရပါဘူး” လို့ ပြောပါတယ်။ 

တရုတ်နယ်စပ်ဘက်က‌နေ နေထိုင်ခွင့် သက်တမ်းလွန်လို့ မြန်မာဘက် ပြန်လည်ပို့ဆောင်ခံရသူတွေ တချို့က စရိတ်ပြတ်ခက်ခဲနေတာကြောင့် ဝန်ထမ်းအိမ်ရာတွေမှာ ခေါ်ထားရသူတွေလည်း ရှိနေတယ်လို့ မြန်မာဘက်ခြမ်းက ဌာနဆိုင်ရာနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ 

“ဒီနေ့ မတ်လ ၂ ရက်နေ့ မနက် ပြန်ပို့ခံရသူတွေ အယောက် ၂၀ လောက်ရှိတယ်။ ဘယ်လို ပြန်စီစဉ်မလဲ မသိဘူး။ သူတို့ ဘာမှ မရှိကြတော့ဘူးလေ။ စရိတ်ပြတ်ပြီ။ ငိုငိုယိုယိုနဲ့။ ဘယ်လို စီစဉ်ပြီး ပြန်ပို့မလဲတော့ မသိဘူး။ ဒုက္ခရောက်တော့ ခေါ်ထားရတာလေ။ ဟိုမှာ။ ဟိုဘက်အဆောင်မှာ” လို့ သူက ပြောပါတယ်။ 

လက်ရှိမှာတော့ တရုတ်ဘက်ဝင်မယ့် မြန်မာလုပ်သားတွေ များလွန်းတာကြောင့် ယာယီ နယ်စပ်ဖြတ်ကျော်ခွင့် တခါသုံးကတ် တိုကင်ပေးထားတာတောင် လာမယ့် မတ် ၁၂ ရက်နေ့အထိ ပေးပြီးသား ဖြစ်နေလို့ တိုကင်ပေးတာကို ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။ 

ငွေကုန်၊ အချိန်ကုန်၊ အပင်ပန်းခံပြီး ပြန်ပို့ခံရလို့ ဒုက္ခရောက်ကြရမယ့်အတူတူ တရုတ်ဘက်က လုပ်ငန်းရှင်တွေ တိုက်ရိုက် ခေါ်မယ့်သူတွေကိုပဲ ယာယီဖြတ်သန်းခွင့်ကတ်တွေ လုပ်ပေးသင့်ကြောင်းလည်း နယ်စပ်ဒေသခံတွေက ပြောပါတယ်။ 

တရုတ်ဘက်ခြမ်း ရွှေလီမြို့ရှိ တရုတ် ပြည်ပရေးရာဌာနကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ယာယီနယ်စပ် ဖြတ်သန်းခွင့် တခါသုံးကတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ တရားဝင် သက်တမ်း ၆ ညနဲ့ ၇ ရက် အတွင်း မိမိနိုင်ငံတွင်းသို့ အချိန်မီ ထွက်ခွာရမှာဖြစ်သလို နယ်စပ်ဝင်ထွက်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ ဆက်စပ်ဥပဒေ၊ စည်းမျဉ်းတွေ ဖောက်ဖျက်ကျူးလွန်သူတွေကို အခြေအနေပေါ်မူတည်ပြီး ၁ နှစ်ကနေ ၅ နှစ်အထိ ဖမ်းဆီးစစ်ဆေးတာ၊ ပြည်နှင်ဒဏ်ပေးတာတို့ကို လုပ်သွားမယ်လို့ အသိပေး ကြေညာစာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013