Home
နိုင်ငံတကာ
ဘန်ကောက်တွင် အွန်လိုင်းလောင်းကစားဂိုဏ်းနှိမ်နင်း၊ ဘတ်သန်းပေါင်း ၃၂၉ သန်းပိုင်ဆိုင်မှု သိမ်းဆည်း 
DVB
·
March 1, 2024
Gam world 132024

ထိုင်းနိုင်ငံဘန်ကောက်မှာ အဖွဲ့ဝင်ပေါင်း နှစ်သိန်းကျော်ဝင်ရောက်ကစားနေတဲ့ အွန်လိုင်း လောင်းကစားဂိုဏ်း တဂိုဏ်းကို ဖမ်းဆီးဖြိုခွင်းပြီး ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၃၂၉ သန်းကို သိမ်းဆည်းခဲ့တယ်လို့ ထိုင်းနိုင်ငံ ဆိုင်ဘာရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၉ ရက် ညနေပိုင်းသတင်းစာရှင်းပွဲမှာ ပြောပါတယ်။

Cyber Hunter Operation လို့အမည်ပေးထားတဲ့ စစ်ဆင်ရေးအရ နည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် ဦးဆောင်တဲ့ တာဝန်ရှိသူတွေဟာ  သတင်းရထားတဲ့ Fullyplay 39 အွန်လိုင်းလောင်းကစားဝိုင်းထောင်သူတွေကို  နေရာပေါင်း ၁၂ နေရာမှာ သွားရောက် စစ် ဆေးဖမ်းဆီးခဲ့တယ်လို့ ဆိုင်ဘာရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ရဲမှူးကြီးနိဖွန်းဘွန်းကိုတ်က ပြောပါ တယ်။

Fullyplay 39 အွန်လိုင်းလောင်းကစားဝိုင်းမှာ အဓိက ဂိုဏ်းခေါင်းဆောင်နဲ့တကွ ပါဝင်ပတ်သက်သူ ၁၆ ဦးကို ဖမ်းဝရမ်းထုတ်ထားတယ်။

အဲဒီထဲက ခေါင်းဆောင်ဖြစ်သူ နိုင်းဖဆင်ကိုင်းထနားကန်းကို ဘန်ကောက်ဘန်ခဲင်နယ်မြေ Plearnary mall ကုန်တိုက်ကြီးမှာလည်းကောင်း၊ နိုင်းယုဒ်ထနား၊ နန်းဆောင်ကနုတ်ဝမ်နဲ့ နန်းဆောင်ကစ်ရနားတို့ကို ဆီရီရားချားနဲ့ ချွန်းပူးရီးမှာလည်းကောင်း ဖမ်းဆီးရမိခဲ့ပါတယ်။

သူတို့ပိုင်ဆိုင်တဲ့ ဘတ်သန်းပေါင်း ၄၀ ကျော်တန်ဖိုးရှိ မော်တော်ကား ၇ စီး၊  ငွေသားနဲ့ ငွေစုလက်မှတ်ထဲမှ ဘတ်ငွေ ၂၂ သန်းကျော်၊ ဘတ် ၁၄ သန်းတန်ဖိုးရှိ ရွှေချောင်းတွေ၊ ဘတ် ၇၅ သန်းတန်ဖိုးရှိ ဆင်းထုတော်၊  ဘတ် ၁၂၇ သန်း ကျော်တန်ဖိုးရှိ ကွန်ဒိုနဲ့ အိမ်ခြံ၊  ဘတ်သန်းပေါင်း ၅၀ ကျော်တန်ဖိုးရှိ တန်ဖိုးကြီးအမှတ်တံဆိပ် လက်ပွေ့အိတ်နဲ့လက်ဝတ်လက်စား အားလုံးစုစုပေါင်းတန်ဖိုး ဘတ် ၃၂၉ သန်းကျော်ကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

ကျန်တဲ့ တရားခံ ၁၂ ဦးမှာ အမည်ခံ ဘဏ်ငွေစာရင်းဖွင့်ပေးသူတွေဖြစ်ပြီး ဖမ်းဆီးရမိဖို့ ကြိုးစားနေကြောင်း၊ Fullyplay 39 အွန်လိုင်းလောင်းကစားဝိုင်းမှာ ပါဝင်ကစားနေသူ အဖွဲ့ဝင်ပေါင်း ၂၀၀၀၀၀ ကျော်ရှိပြီး လုပ်ငန်းလည်ပတ်ငွေ ဘတ် ၄၈၀ သန်းလောက်ရှိတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေကို ဆိုင်ဘာရဲတပ်ဖွဲ့က တရားမဝင်လောင်းကစားဝိုင်းဖွင့်လှစ်မှု ၊ လူ ၂ ဦး ထက် ပို၍လောင်းကစားမှု၊ ကွန်ပြူတာဥပဒေချိုးဖောက်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ အမှု ဖွင့်ထားတယ်လို့  ရဲမှူးကြီးနိဖွန်းဘွန်းကိုတ်က ပြောသွားပါတယ်။

Source: Thai Rath

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013