ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးအုပ်စု၊ အောင်သပြေရွာကိုလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီက တော်လှန်ရေးအင်အားစုတွေက စနိုက်ပါနဲ့ ပစ်ခတ်ခဲ့ပြီး တယောက်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
တော်လှန်ရေးအင်အားစု တာဝန်ရှိသူက “ထပ်မံပြီး တော်လှန်ရေးအင်အားစုဘက်က ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီက ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စကစဘက်က ၃ ယောက် သေတယ်။ ရွာထဲကို ပြန်ဝင်သွားခဲ့ကာ ည ၆ နာရီ ရောက်တော့ ရွာထဲကနေ ရွာအပြင်ဘက်ကို စကစဘက်စစ်ကြောင်းကို တော်လှန်ရေးအင်အားစုဘက်က ၁ နာရီအချိန်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ စကစဘက်က နေရာမှာပင် ၃ ယောက် ထပ်မံသေဆုံးခဲ့ပြီး အများအပြား ထိမှန်ဒဏ်ရာ ရရှိခဲ့တာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အောင်သပြေရွာ အနောက်ဘက် တောဘက်ခြမ်းကို ဆုတ်ခွာသွားပြီးနောက် ရွာထဲကို လက်နက်ကြီး ၂ ချက် ပစ်ခတ်ခဲ့လို့ နေအိမ် ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အခုတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ ၃ တပ်ဖွဲ့ဝင် ၁ ယောက်သေပြီး ကျန်တယောက်မှာ ထိခိုက်ဒဏ်ရာ ရပေမဲ့ မစိုးရိမ်ရဘူးလို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။
အဲဒီစစ်ဆင်ရေးတွေကို ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲပေါင်းစု စနိုက်ပါအဖွဲ့ စစ်ကြောင်းနဲ့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ တပ်ရင်း တပ်ခွဲ ၃ တို့ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။