Home
မြန်မာသတင်း
ဘုတလင်မြို့က စစ်သား ၁ ဦးနှင့် မင်းတပ်ရဲစခန်းက ရဲတပ်သား၁ ဦးတို့ လက်နက်နှင့် အလင်းဝင်
DVB
·
March 1, 2024
sol 132024

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မရဲစခန်းက စစ်ကောင်စီတပ်သားတယောက် ဖေဖော်ဝါရီ ၂၉ ရက် မနက်က လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေထံကနေ သိရပါတယ်။

အလင်းဝင်လာသူ စစ်သားဟာ ခမရ ၇၀၃ တပ်ကနေ ဘုတလင်မြို့ကို လုံခြုံရေး တာဝန်ကျ ရဲဘော်တဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဘုတလင်ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူတဦးက “စစ်သားတဦး အလင်းဝင်လာတယ် လို့တော့ ကျနော်တို့ဆီ ဖုန်းဆက်အကြောင်းကြားတာတော့ ရှိတယ်။ MA-2 တလက်နဲ့ ကျည်ဆန်တွေ ပါလာတယ်လို့လည်း သိထားရတယ်။ လောလောဆယ် အလင်းဝင်လာတဲ့ စစ်သားကို လုံခြုံတဲ့နေရာမှာ ပို့ဆောင်ထားတယ်။ အသေးစိတ်ကိုတော့ လုံခြုံရေးအရတပိုင်း သွားရောက်မတွေ့ဆုံရသေးတာကြောင့် ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ အလင်းဝင်လာတိုင်း အခမ်းအနားနဲ့ ဆုကြေးအဖြစ် ဂုဏ်ပြုချီးမြှင့်တာတွေလည်း ရှိပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာလည်း မင်းတပ်မြို့မရဲစခန်းက ရဲတပ်သားတဦး CDF မင်းတပ်ထံ လက်နက်နဲ့ အလင်းဝင်ရောက်လာတယ်လို့ CDF မင်းတပ်က မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့မရဲစခန်းက ရဲတပ်သား လှိုင်မင်းထွန်းဟာ ဇန်နဝါရီ ၁ ရက်နေ့ကတည်းက CDF မင်းတပ်နဲ့ ဆက်သွယ် အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။

ရဲတပ်သားနဲ့အတူ G3 အမျိုးအစားသေနတ် ၁ လက်နဲ့ ကျည်အတောင့် ၈၄ တောင့် ပါဝင်ခဲ့ပြီး CDF မင်းတပ်က ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။

ရဲတပ်သား လှိုင်မင်းထွန်းဟာ ရခိုင်ပြည်နယ် ဇာတိဖြစ်ပြီး ရခိုင်တိုင်းရင်းသားတယောက် ဖြစ်တယ်လို့လည်း သိရပါတယ်။

CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က “အရင်ကတည်းက CDM လုပ်ဖို့ လက်နက်ပါရင် သိန်း ၅၀ ချီးမြှင့်မယ်ဆိုတာ အစကတည်းက ထုတ်ပြန်ထားပါတယ်။ သူကတော့ နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့ ရဲဘော်တွေနဲ့ ချိတ်ဆက်ပြီးတော့မှ ကျနော်တို့ဆီ ရောက်လာခဲ့တာပါပဲ” လို့ ပြောပါတယ်။

CDF မင်းတပ် အနေနဲ့လည်း စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သားတွေကို ပြည်သူတွေဘက် အလင်းဝင်ရောက်လာဖို့နဲ့ ကောင်းမွန်စွာ ရှင်သန်ရပ်တည်ခွင့်ရဖို့ ကူညီပေးသွားမယ်လို့ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013