မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ မီတာခစာရွက်တွေ ပေးဆောင်ရမယ့်ရက် ကျော်ပြီးမှ ရောက်လာပြီး ချက်ချင်း မီတာခပေးဆောင်ပေမဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေက ဒဏ်ကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်လမြိုင်မြို့ ရပ်ကွက်တချို့မှာ မီတာခစာရွက်တွေကို ဖေဖော်ဝါရီ ၂၇ ရက် နောက်ပိုင်းမှ ပို့ဆောင်ပေမဲ့ စာရွက်ပေါ်မှာ ၂၅ ရက်နေ့ နောက်ဆုံးထား ပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။
လျှပ်စစ်ရုံးဝန်ထမ်းတွေ မီတာစာရွက် လာပေးတဲ့နေ့မှာပဲ မီးတာခသွားဆောင်ပေမဲ့ ဒဏ်ကြေးပေးဆောင်ခဲ့ရတယ်လို့ မော်လမြိုင်မြို့ခံတဦးက ပြောပါတယ်။
“သူတို့လာပေးတဲ့နေ့ပဲ ချက်ချင်းသွားဆောင်တာ၊ ရက်လွန်ကြေးဆိုပြီးတော့ တောင်းတယ်။ အဲ့ဒါနဲ့ ဒီနေ့မှ မီတာစာရွက်လာပေးလို့ ချက်ချင်းလာဆောင်တာလို့ ပြောတာကို မသိဘူးတဲ့။ မီတာစာရွက်လာပေးတည်ကး တခါတည်းမပြောဘဲနဲ့ ခုမှမပြောနဲ့တဲ့။ ရက်လွန်ကြေး မပေးချင်ရင် မီတာမဆောင်ဘဲ စာရွက်ပြန်ယူသွားလို့ ပြောတယ်။”
မီတာခစာရွက်တွေကို နောက်ကျပြီးမှ ပေးတဲ့အပြင် ရက်လွန်ကြေးကို ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ အထိ တောင်းခံနေတယ်လို့ အောက်ကျင်းရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။
“မီတာခကို ၂၈ ရက်နေ့မှပေးလို့ ၂၉ ရက်နေ့ သွားဆောင်တာ ဒဏ်ကြေး ၅,၀၀၀ ပေးလိုက်ရတယ်။ တချို့သူတွေဆို ၁၀,၀၀၀ အထိပေးရတယ်။ မီတာယူနစ်လည်း လာဖတ်ချင်တဲ့လမှ လာဖတ်တာ၊ ခန့်မှန်းပဲထည့်နေတာ။ မီတာခမဆောင်ရင်လည်း မီးကြိုးလာဖြတ်တော့ သွားဆောင်နေရတယ်။”
မော်လမြိုင်မြို့ရှိ ရပ်ကွက်တွေမှာ မီတာခ တလမဆောင်တာနဲ့ နေအိမ်တွေကို မီတာပုံးတွေ ဖြုတ်သိမ်းတာ၊ မီတာပုံးထဲက Fuse ကို ဖြုတ်ယူသွားတာနဲ့ မီးကြိုးဖြတ်တောက်တာတွေ လုပ်ဆောင်နေပါတယ်။
မော်လမြိုင်မြို့အတွင်းမှာ မီတာခ ပုံမှန်လာကောက်ပေမဲ့ မီးပြတ်တဲ့အချိန်ဟာ မီးလာတဲ့အချိန်ထက် ပိုများနေတဲ့အတွက် အခက်အခဲများစွာဖြစ်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
လျှပ်စစ်မီးပြတ်မှုကြောင့် မော်လမြိုင်မြို့ရဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်း၊ အလတ်စား စက်မှုလုပ်ငန်းနဲ့ မိသားစု တနိုင်တပိုင်လုပ်ငန်းတွေရဲ့ ၃ ပုံ ၁ ပုံလောက် ရပ်နားထားရတယ်လို့ စက်မှုလက်မှု လုပ်ကိုင်သူတွေက ပြောပါတယ်။
မော်လမြိုင်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာမှာ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေကို အုပ်စု A၊ B၊ C ခွဲထားပြီး အလှည့်ကျစနစ်နဲ့ တကြိမ်ကို လျှပ်စစ်မီး ၂ နာရီ ဖြန့်ဝေနေပါတယ်။