ချင်းပြည်နယ်၊ ဒိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၉ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ CDF-Daai က ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ အစောပိုင်းကနေ လကုန်အထိ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၅၉ ဦးကို အရှင်ဖမ်းမိခဲ့ကာ ဒဏ်ရာရသူ ၇ ဦးကိုတော့ CDF-Daai ဆေးတပ်ဖွဲ့က ဆေးဝါးကုသပေးနေတယ်လို့ ဆိုပါတယ်။
ဒိုင်ဒေသအတွင်းက မွန်တောင်စစ်ဆင်ရေး၊ လောင်းပွီတောင် စစ်ဆင်ရေး၊ လှိန်းရှိန်တောင် စစ်ဆင်ရေး၊ လုံရင်းတောင် စစ်ဆင်ရေးနဲ့ လှောင်အွေတောင် စစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးမိခဲ့တာပါ။
ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရခိုင်ပြည်နယ်အတွင်းက တပ်ရင်းတွေက ဖြစ်ကြပြီး ဘူးသီးတောင်အခြေစိုက် ခမရ-၂၃၃ တပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ထွန်း အပြင် ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတွေပါ ပါဝင်တယ်လို့ သိရပါတယ်။
CDF Daai ပြောရေးဆိုခွင့်ရှိသူက “ဖမ်းမိထားတဲ့ စစ်သားတွေကို နိုင်ငံတကာ စစ်ဘက်ဆိုင်ရာဥပဒေ ဂျနီဗာကွန်ဗန်းရှင်းနဲ့ အညီပဲ ဆက်လက်ဆောက်ရွက်သွားဖို့ ရှိပါတယ်။ အခုလောလောဆယ်တော့ လုံလုံခြုံခြုံ ထားရှိပါတယ်။ ဖမ်းမိတဲ့အခါမှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပြီးတော့မှ ဒဏ်ရာပြင်းထန်တာတွေ၊ ဒဏ်ရာအသေးစားတွေ အများကြီး ရထားပါတယ်။ သူတို့ကိုလည်း တတ်နိုင်သမျှ ဆေးကုသမှုတွေ လုပ်ပေးနေပါတယ်” လို့ ပြောပါတယ်။
စစ်သုံ့ပန်းတွေကို CDF Daai က ဆေးဝါးကုသမှုတွေပေးကာ စောင့်ရှောက်ထားပြီး သူတို့ရဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။