အစိုးရယန္တရား ရပ်ဆိုင်းမှုကနေ ရှောင်လွှဲနိုင်ဖို့ ကွက်လပ်ဖြည့် အသုံးစရိတ်ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၂၉ ရက်မှာ လွှတ်တော်နှစ်ရပ်က အတည်ပြုပေးခဲ့ပြီးနောက် သမ္မတဘိုင်ဒင်က ဥပဒေအဖြစ် လက်မှတ်ထိုးဖို့ပဲ ကျန်ရှိတော့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
အမေရိကန်လွှတ်တော်တွေဟာ အခုချိန်ထိ တနှစ်တာ အစိုးရဘတ်ဂျက် မချပေးနိုင်ဘဲ ရှေ့တခေါက်ကလိုပဲ ကာလတိုအတွက် အသုံးစရိတ်ချပေးပြီး အစိုးရယန္တရား လည်ပတ်ဖို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၉ ရက် အစောပိုင်းမှာ အောက်လွှတ်တော်မှာ ၃၂၀ မဲ - ၉၉ မဲနဲ့ အတည်ပြုပြီးတဲ့နောက် အထက်လွှတ်တော်မှာ ၇၇ မဲ - ၁၃ မဲနဲ့ ထပ်မံအတည်ပြုနိုင်ခဲ့တဲ့အတွက် သမ္မတလက်မှတ်ထိုးဖို့ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁ ရက်နေ့မှာ စမယ့် နောက်ဘဏ္ဍာနှစ်အတွက်တော့ တနှစ်စာဘတ်ဂျက် အပြည့်အဝ ချထားပေးနိုင်ဖို့ ကြိုတင်ညှိနှိုင်းထားတယ်လို့ ဆိုပါတယ်။
ဒီလိုမျိုး အစိုးရအသုံးစရိတ်အတွက် လွှတ်တော်မှာ ညှိမရတာကြောင့် အစိုးရယန္တရား တစိတ်တဒေသ ရပ်ဆိုင်းတာမျိုးဟာ တကမ္ဘာလုံးမှာ အမေရိကန်တနိုင်ငံသာ ကြုံရလေ့ရှိတဲ့ ထူးထူးဆန်းဆန်းကိစ္စ ဖြစ်ပါတယ်။
Source/Photo-Reuters