ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံး-မိုင်းပွန်-လွိုင်လင်လမ်း မတ်လ ၁ ရက် ဒီနေ့ မနက်ပိုင်းက ပြန်ပွင့်သွားပြီဖြစ်ကြောင်း ယာဉ်မောင်းတွေနဲ့ ခရီးသွားတွေဆီက သိရပါတယ်။
ခရီးသွား အမျိုးသမီးတဦးက “ဘယ်နှစ်နာရီကစဖွင့်လဲ အဲလို အတိအကျ မသိဘူး။ မနက်က ၉ နာရီမှာ ဖြတ်လာတာ ဖွင့်ပြီ” လို့ ပြောပါတယ်။
ကျောက်တန်းလမ်းဘက်ကတော့ အရင်နေ့တွေမှာလည်း နေ့တိုင်း မနက်အစောပိုင်းကနေ မနက် ၁၀ နာရီအထိ ပေးဖြတ်ပေမဲ့ မနက် ၁၀ နာရီကျော်ရင် ပိတ်လိုက်တာမျိုးရှိတယ်လို့ သူကပြောပါတယ်။
မိုင်းပွန်ဒေသခံတဦးက “တိုက်ပွဲမငြိမ်ပါဘူး။ ရိက္ခာပြတ်တော့မယ်လေ။ လူအင်အားဖြည့်တင်းဖို့ လမ်း ခဏဖွင့်ပေးတာ။ ပျူစောထီးတွေ ရောက်တော့မယ်” လို့ ပြောပါတယ်။
တွဲကားယာဉ်မောင်းတဦးကလည်း ဟိုပုံး-မိုင်းပွန်-လွိုင်လင် လမ်းမ လမ်းပွင့်ပြီဖြစ်ကြောင်း ပြောပါတယ်။
“လမ်းပွင့်ပြီ။ ဘယ်နှစ်နာရီပွင့်သွားလဲတော့ မသိဘူး။ ကျနော့်ဆရာတောင် မန္တလေး ဆင်းလာပြီ။ ခုနက သူနဲ့ပြောဖြစ်တယ်။ သူတောင် ဆင်းလာနေပြီ။ အရမ်းစောကြီးတော့ မဖွင့်လောက်ဘူး။ ၇ နာရီ၊ ၈ နာရီလောက်ပေါ့။ အခြေအနေက အရမ်းကြီး ငြိမ်နေတာမှ မဟုတ်သေးတာ။”
အဲဒီ ဟိုပုံး-မိုင်းပွန်-လွိုင်လင် လမ်းဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မန္တလေး လမ်းမကြီး ပိတ်သွားပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေး၊ မြန်မာပြည်အောက်ပိုင်း အဓိကကုန်သွယ်ရတဲ့ ကုန်သွယ်ရာလမ်းမ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံး-မိုင်းပွန်-လွိုင်လင် လမ်းမ၊ မိုင်းပွန်အနီးမှာ စစ်ကောင်စီ၊ PNO ပူးပေါင်းအဖွဲ့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့အကြား ဖေဖော်ဝါရီ ၂၀ ရက်ကစလို့ တိုက်ပွဲပြင်းထန်လာပြီး ဖေဖော်ဝါရီ ၂၁ ရက် မနက် ၁၁ နာရီခန့်ကစ လမ်းပိတ်ထားလို့ ခရီးသွားကားတွေ အများအပြား ပိတ်မိနေတာ ဖြစ်ပါတယ်။