Home
မြန်မာသတင်း
အေအေနှင့်ပူးပေါင်းပြီး တရားမျှတမှု ဖော်ဆောင်မည်ဟု NUG ပြော
DVB
·
March 1, 2024
NUG 132024

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အပေါ် ရက္ခိုင့်တပ်တော်(အေအေ)တို့နဲ့ ပူးပေါင်းပြီးတော့ အဆိုပါ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုပြန် လည်ရရှိစေရေး အစွမ်းကုန် ကြိုးပမ်းမယ်လို့  အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ပြောပါတယ်။

စစ်တပ်က အရပ်သားပြည်သူတွေ စုဝေးရာနေရာတွေဖြစ်တဲ့ စျေး၊ ဆေး ရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး ပြည် သူလူထုကို နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်နေတာဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရေတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်တုန်းက စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်း စျေးအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ပြည် သူ ၁၂ ယောက် သေဆုံးခဲ့ပြီး ၈၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဖေဖော်ဝါရီ ၂၇ ရက်မှာလည်း မင်းပြားမြို့နယ်ထဲက မင်းဖူးဆေးရုံကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအဆောက်အအုံအများစု ထိခိုက် ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြတဲ့ အလင်းဝင် တပ်မတော်သားတွေ၊ အရပ်သားပြည်သူတွေ၊ ဆေးရုံဝန်ထမ်းတွေ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ အပေါင်းအပါတွေက ရက္ခိုင်ပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးတဲ့ ပုတ်ခတ်စွပ်စွဲမှုတွေကို အသုံးပြုကာ နိုင်ငံသူ နိုင်ငံသား အချင်းချင်းကြား လူမျိုးရေး မုန်းတီးမှုတွေ ပေါ်ပေါက်စေဖို့ သွေးထိုးလှုံ့ဆော်မှုတွေ  ပိုမိုလုပ်ဆောင်လာတာကိုလည်း  တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG အစိုးရအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ကျဆုံးခဲ့ ကြရတဲ့၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြရတဲ့ ရက္ခိုင်ပြည်သူတွေအတွက် မိသားစုနဲ့ထပ်တူ ဝမ်း နည်းကြေကွဲရပါကြောင်းနဲ့ စစ်အုပ်စုရဲ့ ဖိစီးနှိပ်စက်မှုကို ကြံ့ကြံ့ခံရင်ဆိုင်နေကြတဲ့ ရက္ခိုင် ပြည်သူတွေ အားလုံးနဲ့အတူ တစိတ်တဝမ်းတည်းရှိနေတယ်လို့လည်း ဆိုပါ တယ်။

ရက္ခိုင့်တပ်တော် (အေအေ) ကလည်း စစ်တွေမြို့တွင်းမှာ တိုက်ပွဲတစုံတရာ မဖြစ်ပွားဘဲ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုအပေါ် ထိရောက်စွာ အရေးယူသွားမှာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ အခုလုပ်ရပ်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ရှိရမယ်လို့ ဖေဖော်ဝါရီ ၂၉ ရက် ညနေပိုင်းမှာ ထုတ်ပြန်ကြေညာထားပါတယ်။

စစ်တွေမြို့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ လက်ချက်ဖြစ်တယ်လို့ ပြန်လှန် စွပ်စွဲထားပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၃ နှစ်ကျော် ကာလတွေအတွင်း နိုင်ငံရေး မတည် ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

လတ်တလောမှာတော့ ရခိုင်ပြည်နယ်မှာသာမက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ တိုက်ပွဲတွေဖြစ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013