ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ကလေးငယ်တယောက် ဒဏ်ရာရပြီး နေအိမ် တလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မံစီမြို့အခြေစိုက် အမြောက်တပ်က ဖေဖော်ဝါရီ ၂၈ ညနေပိုင်းမှာ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေတဲ့အတွက် မောရဝတီရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပြီး ကလေးငယ် တယောက် ဒဏ်ရာ ရကာ နေအိမ် တလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတဦးက "လက်နက်ကြီးနဲ့ မိုးလင်းကတည်းကနေ ညနေ ၅ နာရီလောက်ထိ ပစ်တာ။ လက်နက်ကြီး ကျည်စ မှန်လို့ အသက် ၁၀ နှစ်လောက်ရှိတဲ့ မိန်းကလေး တဦး ဒဏ်ရာရသွားတယ်။ နောက်ပြီး နေအိမ်တလုံးလည်း လက်နက်ကြီးကျည်ကျတာ အတော်လေး ပျက်စီးသွားတယ်” လို့ ဆိုပါတယ်။
လက်နက်ကြီးကျည်စ ထိမှန်ခဲ့တဲ့အတွက် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်ဟာ ခြေထောက်နဲ့ ဝမ်းဗိုက်မှာ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အတွက် မံစီပြည်သူ့ဆေးရုံကို ဆေးကုသဖို့ ပို့ဆောင်ခဲ့ ကြပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မံစီမြို့နယ်၊ မံခံရေခူးကျေးရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အဘွားအို နှစ်ယောက် ထိတ်လန့်သေဆုံးပြီး နေအိမ် နှစ်လုံး ပျက်စီးခဲ့ပါတယ်။
photo cj