Home
မြန်မာသတင်း
ကျောက်ဖြူ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်သင်တန်းပေး 
DVB
·
March 1, 2024
kyauk-2822024

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က ကျောက်တလုံး ရိုဟင်ဂျာဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာ လူငယ် ၁၀၀ ကျော်ကို  ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းကနေ  စစ်တပ်က  အတင်းအကျပ်ခေါ် ဆောင်သွားပြီး ခမရ ၅၄၂ ထဲမှာ  စစ်သင်တန်းတွေ စပေးနေပြီလို့ ဒေသခံတွေက  ပြောပါတယ်။ 

ဖေဖော်ဝါရီ ၂၇ ရက်က စစ်သင်တန်းတက်ဖို့ ကျောက်တလုံးဒုက္ခသည်စခန်းက ဂိုဒေါင်ထဲမှာ အတင်းအကျပ်စုရုံးကာ နာမည်စာရင်းကောက်ခံပြီး ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းကနေ နှစ်ပတ်ကျော်အထိကြာတဲ့အထိ ခမရ ၅၄၂ မှာ စစ်သင်တန်းတက်ဖို့ စစ်ကားကြီးတွေနဲ့ ခေါ်သွားတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒေသခံအမျိုးသမီး တဦးက "ဒီနိုင်ငံမှာနေတဲ့အတွက် စစ်မှုထမ်းရမယ်၊ ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ဖို့အတွက် စစ်သင်တန်းတက်ထားဖို့ လိုအပ်တယ်ဆိုပြီး အစည်းအဝေးမှာ ပြောတယ်။ မတက်ချင်လို့ ထွက်ပြေးတဲ့သူတွေကိုပါ အရေးယူမယ်။ လိုအပ်ရင် တိုင်းပြည်အတွက် အသက်ပေးရမယ်ဆိုပြီး အစည်းအဝေးမှာ ပြောသွားတယ်" လို့ ပြောပါတယ်။

အိမ်ခြေ ၃၅၀ ကျော် လူဦးရေ ၁၀၀၀ ကျော် ရှိတဲ့ ကျောက်တလုံးဒုက္ခသည်စခန်းကနေ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီဘက်ကနေ အဓိက ပစ် မှတ်ထားပြီး စစ်သင်တန်းပေးနေပြီး   စစ်ကားကြီးတွေနဲ့ပါ မနက် ၈ နာရီတခေါက် ညနေ ၄ နာရီမှာ တခေါက် အကြိုအပို့လုပ်နေတယ်လို့လည်း ဒေသခံ တဦးက ပြောပါတယ်။ 

"မနက်မိုးလင်းတာနဲ့ စစ်ကားတွေနဲ့ စစ်သင်တန်းတက်ဖို့ စာရင်းပေးခံထားရတဲ့ လူတွေအကုန်ကို စစ်ကားနဲ့တင်တယ်၊ ညနေဆိုရင်လည်း စစ်ကားနဲ့ ပြန်လာပို့တယ်။ ကြားထဲမှာ ထမင်းတော့  ကျွေးတယ်။ ထွက်ပြေးလို့လည်းမရ၊ မတက်ဘူးလို့ ငြင်းလို့လည်း မရတော့၊ မတက်ချင်ဘဲနဲ့လည်း စစ်သင်တန်းတက်နေကြရတယ်။"

ဒါ့အပြင် စစ်သင်တန်းတက်နေတဲ့သူတွေဆီကနေ သင်တန်းနဲ့ပတ်သက်ပြီး အချက်အလက်တွေ ပေါက်ကြားမှာစိုးတဲ့အတွက် မိုဘိုင်းဖုန်းတွေကိုပါ သိမ်းဆည်းထားပြီးတော့ သတင်း အချက်အလက် မပေါက်ကြားရအောင် စစ်သင်တန်းတက်ဖို့ ဖိအားပေးခံထားရတဲ့ ရိုဟင်ဂျာတွေကို ခြိမ်းခြောက်ထားပြီးတော့ ကျောက်တလုံးစခန်းတွင်းမှာပါ ရဲ၊ စစ်သား၊ စရဖ တွေကိုပါ လုံခြုံရေးတိုးချဲ့ချထားတယ်လို့ သိရပါတယ်။

စစ်သင်တန်းကို မတက်ချင်ပေမဲ့ စစ်တပ် ခြိမ်းခြောက်မှုတွေအပြင်၊ ဖမ်းဆီးခံရမှုတွေကိုပါ ကြောက်ရွံ့နေရတဲ့ ကျောက်တလုံးဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေဟာ သတင်းဖြေကြားဖို့ ကြောက်ရွံ့နေပြီးတော့  လုံခြုံရေးကို သတိဝီရိယ အများကြီးထားနေရတယ်လို့ ကျောက်တလုံး စခန်းတွင်းနေထိုင်သူ တဦးက ပြောပါတယ်။

"သတင်းဌာနတွေက မေးရင်လည်း မပြောနဲ့၊ စစ်သင်တန်းတက်နေတဲ့ အချက်အလက်တွေ ပေါက်ကြားရင် အကုန်လုံးကို အရေးယူမယ်ဆိုပြီး ပြောတယ်။ ဖုန်းတွေကိုလည်း သိမ်းထားတယ်၊ တခြားအသိမိတ်ဆွေတွေ ဖုန်းဆက်ရင်တော့ သတိဝီရိယထားပြီး ပြောနေရတယ်။”

စစ်မှုမထမ်းချင်တဲ့အပြင် စစ်သင်တန်း မတက်ရောက်လိုတဲ့ ရိုဟင်ဂျာလူငယ်တွေဟာ ကျောက်တလုံး စခန်းကနေ ထွက်ပြေးပြီးတော့ ရက္ခိုင့်တပ်တော် (အေအေ) ဆီကို သွားရောက်ခိုလှုံတဲ့ သူတွေပါရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းမှာ ရခိုင်လူမျိုးတွေနဲ့ ပဋိပက္ခအသွင် ဖြစ်အောင် ရန်ကုန်၊ မန္တလေးမြို့တွေမှာပါ ဝါဒဖြန့်နေပြီး  ရခိုင်ပြည်သူတွေကို ပစ်မှတ်ထားကာ လေဆိပ်၊ ကားဂိတ်တွေမှာပါ ဖမ်းဆီးနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013