အာဏာသိမ်းစစ်ကောင်စီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့အား တာဝန်ကနေ အနားပေးလိုက်ကြောင်း ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဉပဒေပုဒ်မ ၄၁၉ အရ ဦးသိန်းစိုးအား ကျန်းမာရေးအရ တာဝန်ကနေ အနားယူခွင့်ပြုလုပ်ကြောင်း ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးအမိန့်နဲ့ ထုတ်ပြန်ထားတာပါ။
ဦးသိန်းစိုးနေရာမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသစ်အဖြစ် ဦးကိုကိုနဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် ဦးမျိုးလှိုင်တို့ကို ခန့်အပ်လိုက်ပါတယ်။
စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲဆန္ဒရှင်စာရင်းမှားယွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံတော်အာဏာကို သိမ်းယူကာ နိုင်ငံတဝန်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကို ဖမ်းဆီးပြီးနောက် ကော်မရှင်အသစ်ကို ပြန်လည်ဖွဲ့စည်းထားတာပါ။
ဒါ့အပြင် ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးအမိန့်နဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး နေရာမှာ ဦးအောင်အောင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးသန်းဝင်း နေရာမှာ ဦးကျော်မျိုးထွဋ်တို့အား အစားထိုး ခန့်အပ်လိုက်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်းကိုလည်း တာဝန်မှအနားပေးလိုက်ပြီး သူ့နေရာမှာ ဘယ်သူ့ကို ခန့်အပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးထိန်လင်းတို့ကိုလည်း ခန့်အပ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။