Home
မြန်မာသတင်း
လမ်းမတော်တွင် ကား ၃ စီးဆင့်တိုက်ပြီး ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
DVB
·
January 29, 2024
CarAccident

ရန်ကုန်၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနဲ့ မော်တင်လမ်းထောင့်မှာ ဇန်နဝါရီ ၂၈ ရက် ညက ကား ၃ စီး ဆင့်တိုက်ပြီး ၁ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းက ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက် ည ၁၁ နာရီလောက်က လမ်း‌မတော်မြို့ ဗိုလ်ချုပ်လမ်းပေါ်မှာ ဟိုက်ဂျက်၊ ရွှေငါးနဲ့ ပြိုင်ကားတို့ တိုက်မိပြီး ဟိုက်ဂျက်ပေါ်ပါလာတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့သလို အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ရှင်သန်ရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက “ရွှေငါးက ဗဟိုစည်ဆေးရုံမရောက်ခင် တလမ်းပေါ့၊ ဘယ်ဘက်ကိုကွေ့‌တဲ့အချိန် ဟိုက်ဂျက်နဲ့ ပြိုင်ကားနဲ့က တိုက်တယ်လို့ အကြမ်းဖျင်း သိထားတယ်။ အားလုံး ၇ ဦးမှာ ၁ ဦးသေပြီး ၅ ဦးကတော့ နည်းနည်း ကျိုးတာတို့ ဘာတို့ရှိတယ်။ စိုးရိမ်ရတဲ့သူကတော့ ခေါင်းထိသွားတဲ့သူတယောက်တော့ ရှိတယ်။ သေသွားတဲ့သူက ဟိုက်ဂျက်ပေါ်က ယာဉ်မောင်းပါ” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသား ၁ ဦးနဲ့ ဒဏ်ရာရရှိသူ ၅ ဦးကို ဝင်းမေတ္တာအသင်း၊ ရွှေကံ့ကော်အသင်း လူနာတင်ကားတွေနဲ့ ‌ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။

ဇန်နဝါရီ ၂၅ ရက်ကလည်း ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းနဲ့ သိမ်ဖြူလမ်းထောင့်မှာ ကားနှစ်စီးတိုက်မိပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013