ရန်ကုန်၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့ ခြံအမှတ် ၅၄ ကို ကျပ်သိန်းပေါင်း ၃ သန်းကျော်နဲ့ လေလံတင်ရောင်းချဖို့ စစ်ကောင်စီလက်အောက်ခံ ကမာရွတ်ခရိုင်တရားရုံးကနေ ဇန်နဝါရီ ၂၅ ရက်က အမိန့်ချလိုက်တယ်လို့ တရားရေးနဲ့နီးစပ်တဲ့ အသိုက်အဝိုင်းကနေ စုံစမ်းသိရပါတယ်။
တရားရေးနဲ့ နီးစပ်သူတဦးက “ဒီဟာကို ကြမ်းခင်းဈေး သတ်မှတ်ပေးလိုက်တာပေါ့။ ဈေးနှုန်းနဲ့ လေလံပစ်မယ်ဆိုပြီး ကြမ်းခင်းဈေး သတ်မှတ်လိုက်တယ်။ ကြမ်းခင်းဈေးက ကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်း။ မတ်လ ၂၀ ရက်နေ့ကို လေလံပွဲလုပ်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ခြံအမှတ် ၅၄ အမွေခွဲဝေမှုနဲ့ပတ်သက်ပြီး နှစ်ထပ်တိုက်ပါဝင်တဲ့ဘက်ခြမ်းကို ဒေါ်အောင်ဆန်းစုကြည်၊ တထပ်တိုက်ပါတဲ့ဘက်ခြမ်းကို ဦးအောင်ဆန်းဦးတို့ အသီးသီး ခွဲဝေယူကြဖို့ ၂၀၁၆ ခုနှစ်မှာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချပြီး ဖြစ်ပါတယ်။
အခုလို အမိန့်ချပြီးသားကို မကျေနပ်တဲ့ ဦးအောင်ဆန်းဦးဘက်က အယူခံအဆင့်ဆင့် တက်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရတာကြောင့် အာဏာသိမ်းစစ်ကောင်စီလက်ထက် ၂၀၂၂ မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အထူးအယူခံထပ်တက်ကာ အနိုင်ရရှိခဲ့ပြီး ဦးအောင်ဆန်းဦး တောင်းဆိုတဲ့အတိုင်း လေလံတင်ရောင်းချဖို့ တရားရုံးက အမိန့်ချလိုက်တာ ဖြစ်ပါတယ်။
ဒီလို တရားရုံးက အမိန့်ချလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘယ်လိုတုံ့ပြန်မယ် ဆိုတာကိုတော့ မသိရသေးပါဘူး။