Home
မြန်မာသတင်း
ရခိုင်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပိုမို ဖြတ်တောက်
DVB
·
January 18, 2024
Rakkhine SAC Cutout Internet_17012024

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီက ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဒီနေ့ ဇန်နဝါရီ ၁၈ ရက်မှာ ပိုမိုဖြတ်တောက်ထားလို့ ပြည်သူတွေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တာကြောင့် မိုဘိုင်း ငွေသွင်းငွေထုတ်လုပ်ငန်းတွေ ရပ်တန့်သွားကာ ပြည်သူတွေ အခက်အခဲဖြစ်နေကြတယ်လို့ ပုဏ္ဏားကျွန်းမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ရခိုင်ပြည်နယ်အတွင်းမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အားလုံးပြတ်သွားပြီး အူရီဒူးဖုန်းလိုင်းနဲ့ စစ်တပ်ပိုင် မိုင်တဲလ် ဆက်သွယ်ရေးလိုင်းကတော့ ဖုန်းပြောလို့သာရပြီး အင်တာနက်လိုင်း ဖြတ်တောက်ထားတာ တလလောက်ရှိပြီ။”

စစ်ကောင်စီတပ်က သူတို့စစ်ရှုံးတဲ့အတွက် ပြည်သူလူထုကို သတင်းအမှောင်ချပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နိုင်အောင် အခုလိုမျိုး ဆက်သွယ်ရေး အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ကျေးလက်ဒေသမှာရှိတဲ့ ပြည်သူအများစုက နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်တဲ့သူ များပြားပြီး အဲဒီကရတဲ့ ဝင်ငွေနဲ့ ရပ်တည်နေရကာ ငွေလွှဲငွေထုတ်လုပ်ငန်းတွေ ရပ်တန့်သွားတာကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

“တချို့နေရာတွေကိုတော့ ကွန်ရက်တွေ လျှော့ထားတယ်။ MPT ကတော့ ပြတ်တာ ၂ ရက်ရှိပြီ၊ အချိန်ပိုင်း ပြန်ဖွင့်တယ်။ မွန်းလွဲ ၂ နာရီကနေ ည ၁၁ နာရီအထိ။ ဒီနေ့ ဖွင့်၊ မဖွင့် စောင့်ကြည့်ရမှာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

စစ်တွေမြို့ပေါ်မှာလည်း ဖိုင်ဘာအင်တာနက်လိုင်းတွေ အားလုံး ဖြတ်တောက်ထားပြီး ဌာနဆိုင်ရာရုံးတချို့မှာ မိုဘိုင်းဒေတာ နည်းနည်းလေးရနေတာ။ အခု အားလုံး ပြတ်တောက်သွားပြီလို့ စစ်တွေမြို့ ဒေသခံတယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့လိုက်တဲ့အပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေပါ ဖြတ်တောက်လိုက်လို့ ဒေသခံပြည်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013