Home
မြန်မာသတင်း
ကရင်နီပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ခံနေရ
DVB
·
January 15, 2024
Karenni_15012024

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်တို့ရှိ ဒေသခံတွေနဲ့ စစ်ရှောင်တွေ ကုန်ဈေးနှုန်းကြီးမြှင့်မှုဒဏ် ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီက စားနပ်ရိက္ခာသယ်ယူရေး လမ်းကြောင်းတွေကို ပိတ်ဆို့ထားတဲ့အတွက် နယ်မြေကူးသန်းသွားလာဖို့ ခက်ခဲတဲ့အပြင် စားသောက်ကုန်ဈေးနှုန်းတွေလည်း အဆမတန် ဈေးတက်ကာ ဒေသခံနဲ့ စစ်ရှောင်တွေ ပိုမိုခက်ခဲနေရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ကူညီသူ အမျိုးသားတဦးက “အဓိက လမ်းပန်းဆက်သွယ်ရေးက အဆင်မပြေတော့ အစစအရာရာ တခြားဒေသတွေထက် ဈေးပိုကြီးနေတာ၊ တချို့နေရာဆို ဆန်ပြတ်လပ်တဲ့အထိ ဖြစ်တယ်။ ဒေသခံတွေ၊ စစ်ရှောင်တွေ တောင်ယာစပါး လယ်ယာစပါးလည်း မလုပ်ရတော့ ခုလိုချိန် အရမ်းခက်ခဲဖြစ်တယ်” လို့ ပြောပါတယ်။

ကုန်ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က အဆင်ပြေသလောက် ရှိခဲ့ပေမဲ့ ၁၁၁၁ စစ်ဆင်ရေး ဆင်နွှဲပြီးနောက် ဒီဇင်ဘာလအတွင်း နှစ်ဆမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

ကုန်ဈေးနှုန်းအနေနဲ့ ဆန်ကြမ်း ၂၄ ပြည် တအိတ် ၂၅၀,၀၀၀ ကျပ်၊ စားသုံးဆီ တပိဿာ ၃၀,၀၀၀ ကျပ်၊ ကြက်ဥတလုံး ၈၀၀ ကျပ်၊ ကြက်သွန်နီတပိဿာ ၁၂,၀၀၀ ကျပ် ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီးမောဆိုမြို့နယ်မှာ စစ်ဘေးတိမ်းရှောင်သူ ၁ သိန်းခွဲရှိပြီး ကရင်နီပြည်ဟာ စစ်ရှောင်အများဆုံး ဒေသလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီးမော့ဆို၊ ဖရူဆို ဒေသရှိ စစ်ရှောင်ပြည်သူတွေဟာ အဖွဲ့အစည်းတွေနဲ့လည်း အကူအညီရရှိမှု အနည်းငယ်သာရှိလို့ အများအားဖြင့် စားနပ်ရိက္ခာပြတ်လပ်မှု အမြဲကြုံနေရ‌တယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

အသက် ၃၀ ဝန်းကျင် စစ်ရှောင်တဦးက “အများစုက တောတောင်မှာပဲ နေရတော့ ကူညီတဲ့အဖွဲ့အစည်းတွေက လေးလတခါ သုံးလတခါပဲ ရောက်တယ်။ စစ်ကောင်စီက ခဏခဏ တိုက်ခိုက်လာလို့ ဟိုနေရာပြောင်း ဒီနေရာပြောင်း လုပ်နေရတော့ စိုက်ပျိုးရေးဆိုလည်း မလုပ်နိုင်ကြပါဘူး၊ ဝင်‌ငွေလည်းမရှိဘူး။ အလှူရှင်ကိုပဲ အဓိက အားကိုးနေရပါတယ်” လို့ ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ဘေးရှောင်နေတဲ့ အရပ်သားပြည်သူ ၃ သိန်းကျော်ရှိနေပြီး စစ်ရှောင်ကာလ ၂ နှစ်ကျော်ကာလအတွင်း အစစအရာရာ လိုအပ်ချက်များတဲ့အပြင် ဆေးဝါးနဲ့ စားနပ်ရိက္ခာလည်း အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီသူများထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013