ကိုဗစ်-၁၉ နဲ့ တုပ်ကွေး ကာကွယ်ဆေးထိုးနှုန်းတွေ ကျဆင်းလာတာကြောင့် အခု ဆောင်းရာသီမှာ ဖြစ်ပွားမှုနှုန်း မြင့်တက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ဖိအားမြင့်တက်လာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တာဝန်ရှိသူတွေက ရိုက်တာ သတင်းဌာနကို ဇန်နဝါရီ ၁၂ ရက်က ပြောပါတယ်။
မကြာသေးမီရက်သတ္တပတ်တွေအတွင်း အမေရိကန်၊ ဥရောပနိုင်ငံအများအပြားနဲ့ ကမ္ဘာ့တချို့နေရာတွေမှာ အသက်ရှူလမ်းကြောင်းကူးစက်မှုနဲ့ဆိုင်တဲ့ ဆေးရုံ တက်ရောက်ကုသရမှုနှုန်း မြင့်တက်လာနေပါတယ်။
တချို့ဒေသတွေမှာဆိုရင် သက်ကြီးရွယ်အိုတွေအကြား သေဆုံးမှုနှုန်း တက်လာနေပါတယ်။ ဒါပေမဲ့ ကိုဗစ်ကူးစက်မှု အမြင့်ဆုံးရောက်ချိန်လောက် မဆိုးရွားတော့ဘူးလို့ ဆိုပါတယ်။
စပိန်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ နေရာတွေမှာ မတ်စ်က်ပြန်တပ်ဖို့ သတ်မှတ်လိုက်သလို အမေရိကန် တချို့ဆေးရုံကွန်ရက်တွေမှာလည်း အလားတူ ပြန်ကျင့်သုံးနေပါတယ်။
၂၀၂၃ ခုနှစ် မေလမှာ တကမ္ဘာလုံး ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာထားတာ အဆုံးသတ်လိုက်ပြီးနောက် ကိုဗစ်ရဲ့ ဆက်ရှိနေသေးတဲ့ အန္တရာယ်နဲ့ ကာကွယ်ဆေးထိုးခြင်းရဲ့ အကျိုးတွေကို အများပြည်သူသိအောင်လုပ်ဖို့ အစိုးရတွေအနေနဲ့ ရုန်းကန်နေရတယ်လို့ WHO က ဆိုပါတယ်။
Source/Photo-Reuters