Home
မြန်မာသတင်း
မဟာချိုင်တွင် မြန်မာအလုပ်သမား ၁၇ ဦး လစာမရဘဲ အလုပ်ထုတ်ခံရ
DVB
·
January 10, 2024
MaharChai Myanmar Workers_10012024

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့မှာရှိတဲ့ STW ကုန်ပစ္စည်းပါကင်ပိတ်စက်ရုံမှ မြန်မာအလုပ်သမား ၁၇ ဦးကို အလုပ်ရှင်သူဌေးက လစာမပေးဘဲ အကြောင်းပြချက်မရှိ အလုပ်ထုတ်ခဲ့တယ်လို့ အလုပ်သမားတွေနဲ့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့တို့က ပြောပါတယ်။

မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာရှိတဲ့ ပင်လယ်စာစက်ရုံမှာ အလုပ်လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံက Diamond Power ကုမ္ပဏီနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုကာ ၂၀၂၃ ဧပြီလက ထိုင်းနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။

ကာယကံရှင် မြန်မာအလုပ်သမားတဦးက “ကျနော်တို့စလာကတည်းက အေဂျင်စီက စာချုပ်ပါ အလုပ်ပျက်သွားတယ်ဆိုပြီး အလုပ်မရဘူး။ အေဂျင်စီက ငါးသေတ္တာစက်ရုံကို အလုပ်ပြောင်းပေးပေမယ့် အဆင်မပြေလို့ ကျ‌နော်တို့အလုပ်ပြောင်းမယ်လို့ ပြောတော့ သူ‌ ဘိုင်ကျင့်ရအောင် ထုတ်ပေးမယ်လို့ ပြောပါတယ်။ ကျနော်တို့က အခြားပွဲစားနဲ့လုပ်ပြီး ဒီစက်ရုံမှာ အလုပ်လာလုပ်တဲ့အချိန်မှာ အေဂျင်စီက ဘိုင်ကျင့်အော် (အလုပ်ရှင်ဟောင်း ထောက်ခံစာ) မရခဲ့ဘူး။ ဘိုင်ကျင့်အော် မရှိလို့ သူဌေးက ဘတ်ရိုက်ရမယ်ဆိုလို့ ကျနော်တို့ ဘတ်ရိုက်ဖို့ သူဌေးကိုတယောက် ဘတ် ၃၅၀၀ ပေးခဲ့တာ။ အခု Name List တော့ ရခဲ့တယ်၊ ဒါပေမဲ့ လစာ ၁ လစာမပေးဘဲ အကြောင်းပြချက်မရှိပဲ ကျ‌နော်တို့ကို အလုပ်ထုတ်ခဲ့ပါတယ်” လို့ပြောပါတယ်။

မြန်မာအလုပ်သမား ၁၇ ဦးဟာ လုပ်ခလစာ မရတာအပြင် အလုပ်ကထုတ်ခံရတာကြောင့် စားဝတ်နေရေးခက်ခဲနေတာကြောင့် WAG အဖွဲ့ထံ အကူအညီတောင်းခံခဲ့ပါတယ်။

WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက "အလုပ်သမားတွေက ဒီပါကင်ပိတ်စက်ရုံမှာ ၆ လပြည့်ပြီးတဲ့အချိန်မှာ အကြောင်းပြချက်မရှိဘဲ လုပ်ခ ၁ လစာမပေးဘဲ အလုပ်ကထုတ်လိုက်တယ်။ ကျနော်တို့ သူတို့လုပ်အားခပြန်လည်ရရှိဖို့ လက်ရှိမှာ ဆာဝါဒီကန်ရုံးတွေနဲ့ သက်ဆိုင်ရာရုံးတွေမှာ တိုင်ကြားထားပါတယ်" လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်မှာ အခုဇန်နဝါရီလအတွင်း နှစ်နိုင်ငံသဘောတူ စာချွန်လွှာ (MOU) စနစ်နဲ့လာတဲ့ မြန်မာအလုပ်သမား ၇၁ ဦးဟာ လုပ်ခမမှန်တာ၊ အလုပ်မလုပ်ရတာနဲ့ စာချုပ်ပါ အချက်အလက်ချိုးဖောက်ခံရတာ စတဲ့ အလုပ်သမားသမားအခွင့်အရေး ချိုးဖောက်ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးတာနဲ့ စီးပွားရေး အဆင်မပြေတာတွေကြောင့် ထိုင်း၊ မလေးရှားနဲ့ တရုတ်တို့မှာ သွားရောက် အလုပ်လုပ်ကိုင်သူ သိသိသာသာ တိုးပွားလာပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013