Home
မြန်မာသတင်း
အလုပ်ပါမစ်သက်တမ်းတိုးမည့် ရွှေ့ပြောင်းလုပ်သားများ စစ်ကောင်စီအခွန်ကြောင့် ငွေပိုကုန်နိုင်
DVB
·
November 29, 2024

လာမယ့်နှစ် ဖေဖော်ဝါရီမှာ သက်တမ်းကုန်မယ့် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေ Work permit သက်တမ်းတိုးတဲ့အခါ မြန်မာသံရုံးကို အခွန်ပေးဆောင်ရမယ့် လုပ်ငန်းစဉ် ပါဝင်တာကြောင့် ငွေကြေးကုန်ကျတာ ပိုတိုးလာဖို့ ရှိပါတယ်။

ထိုင်းနိုင်ငံအတွင်းကို အထောက်အထားမဲ့ ရောက်နေတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စတဲ့ ၄ နိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအတွက် တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရဖို့ ပန်းရောင်ကတ် အထောက်အထားကို ဒီဇင်ဘာ ၃၀ မတိုင်ခင် နောက်ဆုံးထား ပြုလုပ်ကြဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ပန်းရောင်ကတ်နဲ့ work permit ဗီဇာ ရရှိထားပြီး ၂၀၂၅ ဖေဖော်ဝါရီမှာ သက်တမ်းကုန်မယ့် အလုပ်သမားတွေကိုလည်း MoU လုပ်ငန်းစဉ်အတိုင်း သက်တမ်းတိုး ဆောင်ရွက်ဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

ထိုင်းတောင်ပိုင်း မြန်မာလုပ်သား ကိုဝဏ္ဏက “ဒီနှစ် သက်တမ်းတိုးတာက MoU စနစ်ကို ပြောင်းလိုက်တယ်လို့ ကြားတယ်။ MoU စနစ်ဆိုတော့ သူ့ရဲ့လုပ်ငန်းစဉ်တွေက ပိုလာတယ်။ အဲဒီထဲမှာမှ အခွန်ဆောင်တာတွေလည်း ပါတယ်။ ပြီးတော့ မြန်မာလို အမည်စာရင်း Name List အတွက်လည်း ပိုက်ဆံတွေ ပိုပေးရမယ်။ ကြားတာက စုစုပေါင်းဆိုရင် ဘတ်ငွေ ၃,၀၀၀ ကျော်လောက် ပိုလာမယ်ထင်တယ်။ နောက်တခုက တနှစ်စာမဟုတ်ဘဲ ၂ နှစ်စာဆိုတော့ ငွေက ခါတိုင်းထက် ၂ ဆလောက် ကုန်တဲ့အပြင်ကို နောက်ထပ် ၃,၀၀၀ ကျော်လောက် ထပ်ပေးရတာပေါ့နော်။ လစာကောင်းတဲ့ အလုပ်တွေကျတော့ သိပ်ပြီးတော့ မသိသာပေမဲ့ လစာနည်းတဲ့သူတွေအတွက်ကျ ဒီနှစ် ကုန်ကျစရိတ်က များတယ်ပေါ့နော်။ ပွဲစားတွေ၊ အေဂျင်စီတွေနဲ့လုပ်တဲ့ လူကျတော့ ပိုက်ဆံပိုပေးရတာပေါ့” လို့ ပြောပါတယ်။

အလုပ်သမားတွေ စစ်ကောင်စီကို ပေးဆောင်ရမယ့် အခွန်ငွေက တလကို ဘတ် ၁၅၀၊ ၁၂ လစာအတွက် ဘတ် ၁,၈၀၀ ထက်မနည်း ပေးရမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ပန်းရောင်ကတ်နဲ့ Work permit ဗီဇာ ၂ နှစ် သက်တမ်းတိုးကိစ္စတွေက ပွဲစားအေးဂျင့်တွေကတဆင့် လုပ်ဆောင်မယ်ဆိုရင် အနိမ့်ဆုံး ဘတ် ၁၀,၀၀၀ ဝန်းကျင်ကနေ ၁၈,၀၀၀ လောက်အထိ ရှိတယ်လို့ သိရပါတယ်။

ဒါဟာ လက်ရှိ မြန်မာကျပ်ငွေပေါက်ဈေးနဲ့ တွက်မယ်ဆိုရင် သက်တမ်းတိုး ကုန်ကျစရိတ်က တယောက်ကို ၂၃ သိန်း ဝန်းကျင်မှာ ရှိနေတာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ မြန်မာစစ်ကောင်စီထံ ပေးဆောင်ရမယ့် အခွန်ကိစ္စတွေကြောင့် ပွဲစားအေးဂျင့်တွေက ဝန်ဆောင်ခကို ပိုမိုတောင်းခံလာကြတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ အလုပ်သမားတယောက်က ပြောပါတယ်။

အမျိုးသမီး အလုပ်သမားတယောက်က “ကျမပွဲစားဆို တနေ့တမျိုး ဈေးပြောင်းနေတာ။ အခုဆို ထိုင်းပွဲစားတွေက ၂ နှစ်သက်တမ်းတိုး အပြီးအစီးကို ၁၆,၀၀၀ ပေမဲ့ ကျမရဲ့ မြန်မာပွဲစားက ကျပ် ၂၀,၀၀၀ လောက်ထိ တောင်းနေတယ်။ ပရော်ဖက်ရှင်နယ်လည်း မကျဘူး၊ သူတို့ပါးစပ်ဖျားမှာတင် ဈေးက ဖြစ်နေတာ။ ဗီဇာကြေးထောက်ပံ့ပေးတဲ့ရုံး အဖွဲ့အစည်းနောက်ခံတွေ ရှိတဲ့လူတွေကျ မသိသာပေမဲ့ ဒီတိုင်း အလွတ်ကြီးနေတဲ့သူတွေကျ အခု သူတို့တောင်းတဲ့ ၂၀,၀၀၀ ဆိုတာကလည်း တကယ်ကို မနည်းမနောပဲ။ အခြေခံလုပ်သားတွေဆို ပိုဆိုးတာပေါ့။ နေထိုင်ခွင့်အတွက် ပေးရတာဆိုပေမဲ့ ကျမရဲ့ မြန်မာပွဲစားတောင်းတဲ့ဈေးနဲ့ ထိုင်းပွဲစားတောင်းတဲ့ ဈေးဆို ၄,၀၀၀ တောင် ကွာနေတာ။ မြန်မာငွေနဲ့ဆို အခုလက်ရှိ ငွေဈေးအတိုင်း ၅ သိန်း ၃ သောင်းလောက်ကို ကွာနေတာပေါ့နော်။ မြန်မာတွေ ဒုက္ခရောက်နေလို့ ဒီရောက်နေတာကို အချင်းချင်း ကူညီဖေးမမယ်မရှိဘဲ သူတို့က သူတို့အတွက် တွက်ချေကိုက်ဖို့ပဲ တွေးနေကြတာ” လို့ ပြောပါတယ်။

သက်တမ်းတိုးရမယ့် အလုပ်သမားတွေကတော့ ကုန်ကျစရိတ် ပိုလာတဲ့အတွက် ငွေကြေး ကျပ်တည်းတာတွေ ပိုဖြစ်လာမယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

FED Foundation အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက “သက်တမ်းတိုးရမယ့် အုပ်စုအတွက်က တော်တော်လေးကို ခက်ခဲပါတယ်။ ဒီထက် ခက်ခဲတာကျတော့ ကျနော်တို့ အကြောင်းကြောင့်ကြောင့် အထူးသဖြင့် နိုင်ငံရေးကြောင့် ပြေးလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေဆိုရင် ပိုဆိုးမယ်။ ဘာလို့လဲဆို‌တော့ တချို့ဆိုရင် သူတို့မှာ Blacklist တွေ ဘာတွေ ရှိရင်ရှိနိုင်တယ်။ အဲ့လိုလူတွေကျ အခက်အခဲ ဖြစ်မှာပေါ့။ သူတို့က ဒါကို မပေးဘူး၊ ဒါကြောင့် အရေးယူမယ်ဆိုရင် ဒုက္ခရောက်မယ်။ အနည်းဆုံး ငွေညှစ်တာ ခံရမှာပေါ့” လို့ ပြောပါတယ်။

ပန်းရောင်ကတ် အသစ်လျှောက်ထားသူတွေအနေနဲ့ အမည်စာရင်း Name List တင်သွင်းတာတွေကို ဒီဇင်ဘာ ၃၀ ရက် မတိုင်ခင် ပြုလုပ်ဖို့ အလုပ်သမားဝန်ကြီးဌာနက ရက်သတ်မှတ်ပေးမယ်လို့ သိရပေမဲ့ ရက်အတိအကျကိုတော့ မထုတ်ပြန်သေးပါဘူး။

ထိုင်းနိုင်ငံတွင်းမှာ ရောက်ရှိ နေထိုင်နေကြတဲ့ မြန်မာအရေအတွက် ၇ သန်းနီးပါး ရှိနေပြီး အဲဒီထဲမှာ အထောက်အထားရှိတဲ့ အလုပ်သမားဦးရေက ၃ သန်းဝန်းကျင်ရှိတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်း ပြောပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013