Home
မြန်မာသတင်း
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ အလုပ်သမားကတ်သက်တမ်းတိုးခ လျှော့ပေးရန် တောင်းဆို 
DVB
·
December 17, 2024
Photo-Ye Min ( MHAC )
Photo-Ye Min ( MHAC )

ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ နောက်နှစ်ဆန်းပိုင်းမှာ အလုပ်သမားကတ် သက်တမ်းတိုးရတော့မှာဖြစ်ပြီး တချို့စက်ရုံအလုပ်ရုံတွေမှာ ဝန်ဆောင်ခနှုန်းထားကြီးမြင့်စွာ ကြို တင်ကောက်ခံနေတာကြောင့် နှုန်းထားလျှော့ပေးဖို့ အလုပ်သမားတွေ လူစုလူဝေးနဲ့ တောင်းဆိုနေ ကြပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ဖစ်ချ်ဘွန်းမြို့ရှိ ကြက်သားထုတ်လုပ်ရေးစက်ရုံမှာ ဒီဇင်ဘာ ၁၆ ရက်က မြန်မာအလုပ်သမားပေါင်း ၁၀၀၀ ကျော် စက်ရုံရှေ့မှာ စုဝေးပြီး အလုပ်သမားကတ် သက်တမ်းတိုးခ ဘတ် ၁၁,၅၀၀ ကောက်ခံတာကို လျှော့ပေးဖို့  တောင်းဆိုခဲ့ကြတယ်လို့  ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ MHAC ထူထောင်သူ ကိုရဲမင်းက DVB ကို ပြောပါတယ်။ 

“သူတို့မှာက အထောက်အထားအကုန်အပြည့်အစုံရှိကြတယ်။ အစိုးရသတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းက ၂ နှစ်သက်တမ်းတိုးခ ၁၉၀၀၊ ဗီဇာသက်တမ်းတိုးခ ၁၃၀၀၊ ကျန်တဲ့ အထွေထွေကြေးက လိုလိုပိုပို ၅၀၀ ထားလိုက်တော့ ၃၇၀၀ လောက်ပဲ။ ဒါပေမဲ့ ကိုယ့်ဘာ ကိုယ်လုပ်ရင် ထိုင်းဘာသာအခက်အခဲ၊ တရုံးဝင်တရုံးထွက် သွားရတာမလွယ်ဘူး၊ အချိန်ကုန်လူပန်းတာကြောင့်  ပွဲစားတွေ အေဂျင်စီတွေနဲ့ပဲ လုပ်ကြတယ်။ ၆,၀၀၀၊ ၇,၀၀၀ လောက်ဆို အလုပ်သမားတွေက ပေးနိုင်ပါတယ်၊  အခုက အေဂျင်စီက ၁၁၀,၀၀၀ တောင်ယူတာ အဲဒါ သိပ်များလို့ လျှော့ပေးဖို့ တောင်းဆိုကြတယ်။”

အလုပ်သမားတွေဟာ နေပူထဲမှာ တနေကုန်တောင်းဆိုပြီး ညနေပိုင်း ၆ နာရီကျော်မှ အေဂျင်စီက ဘန်ကောက်ကနေ ရောက်လာတယ်၊ အလုပ်ရှင်ဘက်ကပါ လျှော့ပေးဖို့ တောင်းဆိုတာ၊ နောက် ဆုံးတော့ ဘတ် ၆,၀၀၀ နဲ့ ပြေလည်သွားကြပြီလို့ သူကဆက်ပြောပါတယ်။ 

ဒါ့အပြင် ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက်မှာလည်း ထိုင်းအလယ်ပိုင်း နခွန်းပထုန်ခရိုင် ဘန်လင်မြို့က မော်တော်ကားတာယာစက်ရုံတခုမှာ အလုပ်သမားပေါင်း ၁၂၀၀ စုဝေးပြီးတော့ အလုပ်သမားကတ်သက်တမ်းတိုးခ လျှော့ပေးဖို့ တောင်းဆိုနေတယ်လို့ ကိုရဲမင်းက ပြောပါတယ်။

“သူတို့ဆီမှာလည်း  ၄ နှစ်ပြည့် မြန်မာလုပ်သားတွေ ၂ နှစ်စာသက်တမ်းတိုးတာကို သူဌေးလည်းရှိ ပကန်ဆန်ခုံး (လူမှုဖူလှုံရေးရန်ပုံငွေ) လည်းလုပ်လျက်သားနဲ့ ဘတ် ၉,၀၀၀ ကောက်နေလို့ အများနည်းတူ စျေးနှုန်းမှန်ကန်စွာနဲ့ အမြတ်ကြီးမစားဘဲ လုပ်ပေးဖို့ မြန်မာလုပ်သားတွေ ငြိမ်းချမ်းစွာတောင်းဆိုနေပါတယ်ခင်ဗျ။”

အောက်ခြေမှာ အလုပ်သမားတွေ အေးဂျင့်ကို ဈေးကြီးပေးနေရတဲ့ကိစ္စ ကုမ္ပဏီကလည်း မသိရှိကြောင်း၊ အဓိကမှာ စက်ရုံဝန်ထမ်းနဲ့ အေဂျင်စီပေါင်းလုပ်နေတာလို့ ဆိုပါတယ်။ 

သတင်းရေးသားချိန် (မွန်းတည့် ၁၂ နာရီကျော်ထိ) အေဂျင်စီက ရောက်မလာသေးတော့ လိုက်လျောမှုရှိမရှိ မသိရသေးဘူးလို့ ဆိုပါတယ်။ 

အခုလို အလုပ်သမားကတ် သက်တမ်းတိုးခ လျှော့ပေးဖို့ အလုပ်သမားတွေ တောင်းဆိုနေတဲ့ စက်ရုံအလုပ်ရုံ ၄  ရုံလောက်ရှိပြီး ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် လယောင်းမြို့က နိခုမ်းဖတ်ထနားစတီးလ်စက်ရုံမှာတော့ အလုပ်သမား ၈၀ ကျော် စုပေါင်းတောင်းဆိုမှုကြောင့် ဝန်ဆောင်ခ ဘတ် ၁၃,၀၀၀ ကနေ ၇,၅၀၀ ထိ လျှော့ချ ပေးလိုက်တယ်။

ဒါဟာ အလုပ်သမားတွေရဲ့ စည်းလုံးညီညွတ်မှုရလဒ်ပါပဲ၊ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ တောင်းဆိုဖို့၊ အလုပ်ရှင်ကိုလည်း မထိခိုက်အောင် အလုပ်မပျက် တောင်းဆိုညှိနှိုင်းဖို့  ကိုရဲမင်းက တိုက်တွန်းသွားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013