Home
မြန်မာသတင်း
သံဖြူဇရပ် ထွေအုပ်ဒုဦးစီးမှူးနှင့်လုပ်ငန်းရှင် ၂၀ ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်
DVB
·
January 9, 2024
ThanPhyZaYat_09012024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ တာဝန်ထမ်းဆောင်ဆဲ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်ကိုကိုနဲ့ စီးပွားရေးလုပ်ငန်းရှင် အယောက် ၂၀ ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ မနေ့ ဇန်နဝါရီ ၈ ရက်မှာ စစ်ကောင်စီက အမှုဖွင့်လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်ကိုကို ကို ရုံးအတွင်း ဌာနဆိုင်ရာသတင်းတွေ PDF နဲ့ NUG အဖွဲ့တွေဆီ ပေးနေတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက ဒီဇင်ဘာ ၁၈ ရက်မှာ ဖမ်းဆီးခဲ့ပြီး မြို့ခံစီးပွားရေးလုပ်ငန်းရှင် ဦးသန်းဇော်၊ ဦးအောင်မြင့်၊ ဦးဖေမြင့်၊ ဦးချမ်းမွန်၊ ဦးမြသန်း၊ ဦးမင်းမင်း အပါအဝင် အရပ်သား အယောက် ၂၀ ကိုလည်း ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးခံ ဒုဦးစီးမှူး ဦးအောင်ကိုကိုနဲ့ စီးပွားရေးလုပ်ငန်းရှင် အယောက် ၂၀ ကို စစ်ကောင်စီက ထောင်ဒဏ်တသက်အထိ ချမှတ်နိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ သံဖြူဇရပ်မြို့မရဲစခန်းမှာ အမှုဖွင့်လိုက်တာလို့ သိရပါတယ်။

နီးစပ်သူတယောက်က “ဒုဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၄၀ ကျော်အရွယ် ဦးအောင်ကိုကို ဖမ်းဆီးပြီး ဆက်တိုက်အဖမ်းခံရတဲ့ လုပ်ငန်းရှင်တွေကို မနေ့က အမှုဖွင့်တာ။ ဦးအောင်ကိုကို PDF နဲ့ NUG အဖွဲ့တွေကို ဆက်သွယ်သတင်းပို့နေလို့ ဆိုပြီး တပ်က စွပ်စွဲဖမ်းဆီးခဲ့တာ။ စီးပွားရေးလုပ်ငန်းရှင် အယောက် ၂၀ လောက်ကိုလည်း ဦးစီးမှူး ဖမ်းပြီးတာနဲ့ ဆက်စပ်ပြီး ဖမ်းခဲ့တာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေကို စစ်ကောင်စီက သံဖြူဇရပ်မြို့မ ဝဲကလိတပ်နယ်အတွင်း စစ်ဆေးနေပြီး စစ်ကောင်စီတပ်က ရိုက်နှက်နှိပ်စက်တာတွေ လုပ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမအပတ်က ဖမ်းဆီးခံရတဲ့ သံဖြူဇရပ်ဒေသခံ အယောက် ၃၀ ကျော်ထဲက တချို့ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ငွေကျပ်သိန်းရာချီ တောင်းယူပြီး ပြန်လွှတ်ပေးနေတာရှိသလို မပေးနိုင်တဲ့ အများစုကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲလို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်မှာ ဖမ်းဆီးခံရသူ အယောက် ၉၀၀ နီးပါးအထိ ရှိတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013