Home
နိုင်ငံတကာ
ချက်နိုင်ငံ တက္ကသိုလ်တခုတွင် ပစ်ခတ်မှုဖြစ်ပြီး အနည်းဆုံး ၁၅ ဦးသေဆုံး
DVB
·
December 22, 2023
Czech shooting_22122023

ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့လယ်ရှိ ချားလ်စ်တက္ကသိုလ်မှာ ဒီဇင်ဘာ ၂၁ ရက်က ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ရာမှာ သေနတ်သမား အပါအဝင် အနည်းဆုံး လူ ၁၅  ဦး သေဆုံးပြီး လူ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကာ သူတို့ထဲက ၁၀ ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ပရာ့ဂ်မြို့ရဲချုပ် မာတင် ဗွန်ဒရာဆက်ခ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သေနတ်သမားဟာ ချားလ်စ်တက္ကသိုလ် ဝိဇ္ဇာဌာနမှ ကျောင်းသားဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ချားလ်စ်တက္ကသိုလ် ဝိဇ္ဇာဌာနမှာ လက်ချာယူဖို့ သွားရောက်နေတဲ့ အသက် ၂၄ နှစ်အရွယ် သေနတ်သမားဟာ သူ့ဖခင်ကို အရင်ပစ်သတ်ခဲ့ပြီးနောက် ဌာနမှာ ပစ်ခတ်မှု လုပ်ခဲ့တာပါ။

ပရာ့ဂ်ရဲတပ်ဖွဲ့ကလည်း ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းရရှိပြီးနောက် မိနစ်ပိုင်းအတွင်း ရောက်ရှိလာခဲ့ကြောင်း ရဲချုပ် မာတင် ဗွန်ဒရာဆက်ခ်က ပြောပါတယ်။

ရဲတွေရောက်လာပြီးနောက် မကြာခင်မှာပဲ သေနတ်သမားရဲ့ဖခင် သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီး သေနတ်သမား ကိုယ်တိုင်လည်း အခင်းဖြစ်ပွားပြီးနောက် သူ့ကိုယ်သူ သတ်သေသွားတာ ဖြစ်နိုင်တယ်လို့ ရဲတွေက ပြောပါတယ်။

အခုနှစ် ဆောင်းဦးရာသီမှာ ရုရှားက အကြမ်းဖက်အဖွဲ့တခုက လှုံ့ဆော်ခံရတယ်ဆိုတဲ့ လူမှုကွန်ရက်ပေါ်ရှိ အတည်မပြုနိုင်တဲ့ အချက်အလက်တွေ ရရှိထားကြောင်း ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောကြားခဲ့ပြီး သေနတ်သမားဟာ တရားဝင်သေနတ်များစွာကို ကိုင်ဆောင်ထားသူ ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ နိုင်ငံရဲ့ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီး ဗစ်ထ် ရာကူဆန်က အဲဒီပစ်ခတ်မှုဟာ နိုင်ငံတကာ အကြမ်းဖက်ဝါဒနဲ့ ဆက်နွှယ်မှုမရှိကြောင်း ပြောကြားခဲ့ပါတယ်။

ချက်နိုင်ငံအစိုးရဟာ ဒီဇင်ဘာ ၂၃ ရက်ကို ဥရောပအလယ်ပိုင်း နိုင်ငံတဝန်းမှာ သေဆုံးသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် ကြေညာခဲ့ပြီး သမ္မတ ပေ့ထ်ရ် ပါဗလ်နဲ့ အစိုးရအဖွဲ့ အထူးအစည်းအဝေး အပြီးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013