မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့အိမ်ရာကို ဒရုန်းနဲ့ ဗုံးကြဲခံရပြီးနောက် စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တချို့ မြို့ပေါ်ရှိ လျှို့ဝှက်အိမ်တွေမှာ တိမ်းရှောင် အိပ်နေကြရတယ်လို့ သူတို့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့အိမ်ရာ အပါအဝင် နေရာ ၄ ခုကို တော်လှန်ရေးအင်အားစုက အခုလဆန်းပိုင်းမှာ ဒရုန်းနဲ့ဗုံးကြဲခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီခန့် ဝန်ကြီးတွေ အိမ်ရာမှာ ညအိပ်တာကို မတွေ့ရှိတော့ကြောင်း မွန်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနဲ့ ဝန်ကြီးတချို့ အိမ်မှာ မအိပ်ရဲကြတော့တာပါ။ ပြည်နယ်အစိုးရ အဖွဲ့အိမ်ရာမှာက ဟန်ပြလောက်ပဲ နေကြတာ။ ဝန်ကြီးတွေက သူတို့နဲ့ အဆင်ပြေနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သီးသန့်ခြံတွေနဲ့ ဟိုတယ်တွေမှာ သွားအိပ်ကြတာ။ ဝန်ကြီးချုပ်ကတော့ ကြံ့ခိုင်ရေးက အမာခံပါတီဝင်တွေအိမ်မှာ လိုက်အိပ်တယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက် ည ၉ နာရီခွဲလောက်မှာ မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်ရှိ ပြည်နယ်အစိုးရအဖွဲ့အိမ်ရာကို ဒရုန်းနဲ့ ဗုံးချခဲ့လို့ အဲဒီအိမ်ရာအနီးက ဂေါက်ကွင်းမှာ ဗုံးကျရောက် ပေါက်ကွဲခဲ့ပါတယ်။
သံဖြူဇရပ်မြို့နယ် ထွေအုပ်ရုံးက ဒုဦးစီးမှူး ဦးအောင်ကိုကို အပါအဝင် မြို့မှာနေထိုင်သူ နှစ်ယောက်ကို တော်လှန်ရေးအဖွဲ့ထံ သတင်းပေးတာ၊ ဖောက်ခွဲမှုတွေမှာ ပါဝင် ပတ်သက်မှု စွပ်စွဲချက်နဲ့ ဒီဇင်ဘာ ၁၈ ရက်က သံဖြူဇရပ်ရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)အရ အမှုဖွင့် အရေးယူထားပါတယ်။