ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကစပြီး စက်သုံးဆီဈေးနှုန်းတွေ ကျပ် ၃၀၀ ဝန်းကျင်ထိ ထိုးတက်လာခဲ့တာကြောင့် အငှားယာဉ် တက္ကစီငှားရမ်းခတွေလည်း စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။
အငှားယာဥ် စီးနင်းခဲ့သူတဦးက “မနက်က ဆူးလေကနေ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ကို တက္ကစီငှားစီးတာ ကျပ် ၂၂,၀၀၀ တောင် ပေးလိုက်ရတယ်။ ကားသမားက ဆီစျေးတက်တယ်လို့တော့ ပြောတာပဲ။ ဒါတောင် ကားသမားက သိပ်မလိုက်ချင်ဘူး။ အရင်ကသွားနေကြက တသောင်းခွဲပါ” လို့ ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့ထဲ ပြေးဆွဲနေတဲ့ Grab တက္ကစီ အငှားယာဉ်တွေမှာလည်း ဓာတ်ဆီစျေး မြင့်တက်လာတဲ့အတွက် ငှားရမ်းခတွေကို အရင်ကထက် ခရီးစဉ်ပေါ်မူတည်ပြီး ကျပ်တထောင်ဝန်းကျင် မြင့်တက်ခဲ့ကြောင်း Grab တက္ကစီ အငှားယာဉ်မောင်းတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စက်သုံးဆီစျေးနှုန်းမှာ တလီတာ ကျပ် ၂,၁၀၀ ဝန်းကျင် ရှိခဲ့ရာက လက်ရှိမှာ အမျိုးအစားပေါ် မူတည်ပြီး ကျပ် ၂,၅၀၀ အထိ တိုးလာခဲ့ကြောင်းနဲ့ 92 ဆီထည့်မောင်းနေရတဲ့ တက္ကစီယာဥ်မောင်းတွေ အနေနဲ့လည်း ဆီဆိုင်ကရောင်းချတဲ့ 95 ဆီကိုသာ ထည့်ပြီး မောင်းနှင်နေရတယ်လို့ အငှားတက္ကစီယာဥ်မောင်းတွေကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီအနေနဲ့ ဗဟိုဘဏ် ဒေါ်လာပေါက်စျေးအတိုင်း ၄၀ ရာခိုင်နှုန်း၊ ပြင်ပ ဒေါ်လာပေါက်စျေး ၆၀ ရာခိုင်နှုန်းနဲ့ ကုန်သည်တွေကို စက်သုံးဆီ ရောင်းချပေးခဲ့ပေမဲ့ နိုဝင်ဘာ ၃၀ ရက်ကစပြီး ပြင်ပဒေါ်လာပေါက်စျေးအတိုင်း ရာနှုန်းပြည့် ရောင်းချခဲ့တာကြောင့် ဓာတ်ဆီစျေးနှုန်းတွေမှာ တလီတာကို ကျပ် ၃၀၀ ဝန်းကျင်ထိ မြင့်တက်ခဲ့ကြောင်း ကုန်သည်တွေထံက သိရပါတယ်။