ရန်ကုန်မှာရှိတဲ့ ယာဉ်ထိန်းရဲတွေဟာ ယာဉ်ကြောရှင်းဖို့ထက် ကုန်ကားတွေ သွားလာတတ်တဲ့ နေရာတွေမှာပဲ ပိုက်ဆံတောင်းဖို့ စောင့်နေတတ်ကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မြို့က ယာဉ်ထိန်းရဲတွေဟာ အာဏာမသိမ်းခင်က မီးပွိုင့်တွေနဲ့ ယာဉ်ကြောကျပ်တဲ့ နေရာတွေမှာ လုပ်ငန်းလုပ်ဆောင်ခဲ့ရပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြောက်ကျားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ယာဉ်ထိန်းရဲကင်းတွေကို ပိတ်ခဲ့ရပါတယ်။
အဲ့ဒီနောက် ရန်ကုန်မြို့မှာ ယာဉ်ထိန်းရဲတွေက အုပ်စုလိုက် ကား ဒါမှမဟုတ် ဆိုင်ကယ်တွေနဲ့ လှည့်လည်ကာ ကုန်ကားတွေ အများဆုံး သွားလာတတ်တဲ့ နေရာတွေမှာ ပိုက်ဆံထိုင်တောင်းနေတာလို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
“ဘုရင့်နောင်လမ်း၊ လှိုင်မြစ်လမ်း၊ ရွှေပြည်သာစက်မှုဇုန်ဘက်တွေဆိုရင် အဖွဲ့လိုက် တွေ့ရတတ်တယ်။ ကုန်တင်ကားတွေမြင်တာနဲ့ ချက်ချင်းဘေးချရပ်ခိုင်းပြီး တောင်းတော့တာပဲ။ ကုန်ကားမလာရင် တက္ကစီတွေဘက် လှည့်တာပဲ။”
အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်က မီးပွိုင့် ယာဉ်ထိန်းရဲကင်းတွေရဲ့ နေရာမှာ စစ်ကောင်စီတပ်တွေရဲ့ ဘန်ကာတွေ အစားထိုး တည်ဆောက်ထားပြီး ယာဉ်ထိန်းရဲတွေကတော့ လှည့်ကင်းသဘောမျိုးနဲ့ မြို့နယ်အလိုက် တာဝန်ယူ ကင်းလှည့်တာတွေလုပ်ပြီး ယာဉ်မောင်းတွေထံက ပိုက်ဆံတောင်းခွင့် ရနေတာလည်း ဖြစ်ပါတယ်။
ဆားစက်ရုံ ယာဉ်မောင်းတဦးက “ကျနော်တို့ ကုန်တင်ပြီး ကားမထွက်ခင် လိုင်စင်၊ ဝှီးတက် အကုန်ပါအောင် သေချာစစ်ရတယ်။ တခုခုမေ့ကျန်ခဲ့လို့ ရဲနဲ့တိုးရင် အနည်းဆုံး ငါးထောင်ပဲ။ အဲ့ဒီလို အတောင်းခံရရင်လည်း စာရင်းပြန်တင်လို့မရဘူး။ စက်ရုံဘက်က ပြန်မပေးဘူး။ အကုန်အစုံပါရင်တောင် သူတို့နဲ့တွေ့ရင် လက်ပြထားရင် တစ်ထောင်ဖြစ်ဖြစ် ထည့်ပေးလိုက်ရတာပဲ” လို့ ပြောပါတယ်။
မော်တော်ယာဉ်တွေထံက ပိုက်ဆံတောင်းခံနေတဲ့ ယာဉ်ထိန်းတွေမှာ အမျိုးသား ယာဉ်ထိန်းရဲတွေအပြင် အမျိုးသမီး ယာဉ်ထိန်းရဲမေတွေကပါ ပိုက်ဆံကို ပေါ်ပေါ်တင်တင် တောင်းခံနေကြတာ ဖြစ်ပါတယ်။