Home
မြန်မာသတင်း
ရွှေတိဂုံဘုရားတွင် TikTok ရိုက်ကူးခွင့် တားမြစ်
DVB
·
November 8, 2023
Shwedagon forbid Tiktok_08112023

ရန်ကုန်၊ ဗဟန်းမြို့နယ်မှာရှိတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ရင်ပြင်တော်ပေါ်မှာ TikTok ရိုက်ကူးခွင့် တားမြစ်ထားတယ်လို့ နိုဝင်ဘာလဆန်းပိုင်းက သွားရောက်ခဲ့တဲ့ ရွှေတိဂုံဘုရားဖူးတွေက ပြောပါတယ်။

ရွှေတိဂုံစေတီတော် ထိန်းသိမ်းရေးဝန်ထမ်းတဦးက “TikTok မသုံးရလို့ ပိတ်ထားတာ မဟုတ်ပါဘူး။ ရင်ပြင်ပေါ်မှာ TikTok ဆော့ရင်း ကနေတာ၊ သရုပ်ဆောင်နေတာတွေကို တားမြစ်ထားတာ။ ကြည်ညိုလို့ ရိုက်တင်တာတော့ ဘာမှမပြောပါဘူး။ အသိပေးချက်ကတော့ အောက်တိုဘာလကတည်းက ဆိုင်းဘုတ်ချပေးထားတာ” လို့ ပြောပါတယ်။

ရင်ပြင်တော်ပေါ်မှာ အဂါရဝဖြစ်‌စေတဲ့ အပြုအမူ နေထိုင်ခြင်းတွေနဲ့ TikTok ရိုက်ကူးခွင့်ကို တားမြစ်ချက်ပါ ဆိုင်းဘုတ်တွေကို မုခ်ဝလေးခုနဲ့ ဓာတ်‌လှေကားနေရာတွေမှာ ဂေါပကအဖွဲ့က စိုက်ထူခဲ့တာ ဖြစ်ပါတယ်။

ရွှေတိဂုံစေတီတော်ရှိ ဓာတ်ပုံဆရာတဦးက “နေ့ကြီးအခါကြီးတို့၊ အလုပ်ပိတ်ရက်တို့ဆို ပိုများတာပေါ့။ ဘုရားအရင်မဖူးဘူး။ ဖုန်းကိုင်ပြီး TikTok ဆော့‌ကြတာ။ မိန်းကလေး ပိုများတယ်။ ဘယ်လိုမှ အမြင်မသင့်ဘူးပေါ့။ ဒါနဲ့ ဂေါပကအဖွဲ့ အစည်းအဝေးကနေ စာထုတ်လိုက်တာ။ ဒါတောင် ဆော့နေကြသေးတာပဲ။ အရေးယူတဲ့အပိုင်းတော့ မသိသေးဘူး” လို့ ပြောပါတယ်။

TikTok ရိုက်ကူးခွင့်ကို တားမြစ်ချက် ထုတ်ပြန်ထားပေမဲ့ ရိုက်ကူးသူတွေ ရှိနေဆဲဖြစ်ပြီး လပြည့်နေ့နဲ့ အလုပ်ပိတ်ရက်တွေမှာ TikTok ရိုက်ကူးသူ ပိုများတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်ကလည်း ရွှေတိဂုံစေတီတော် စနေထောင့်၊ အောင်ရွှေထီးစေတီအနီးရှိ ကျောင်းသားသပိတ်မှောက်ကျောက်တိုင် (၁၉၂၀) ကို ဘုရားဖူးသူတွေရဲ့ ဓာတ်ပုံရိုက်ကူးခွင့်နဲ့ ကြည့်ရှုခွင့်ကို စစ်ကောင်စီလက်အောက်ခံ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ လုံခြုံရေးတွေက ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013