Home
နိုင်ငံတကာ
ကိုလိုနီခေတ်က ကင်ညာတွင် ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများအပေါ်  ဗြိတိန်ဘုရင် နောင်တရ  
DVB
·
November 3, 2023

ဗြိတိသျှ ကိုလိုနီခေတ်က လွတ်လပ်ရေးတိုက်ပွဲကာလအတွင်း ကင်ညာမှာ ကျူးလွန်ခဲ့တဲ့ စက်ဆုပ်ရွံရှာစရာကောင်းပြီး တရားမျှတမှု မရှိတဲ့ အကြမ်းဖက်မှုတွေအပေါ် နောင်တတွေ နက်နက်ရှိုင်းရှိုင်းရမိတယ်လို့  ကင်ညာကို နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေတဲ့ ဗြိတိန်ဘုရင် ချားလ်စ်က အောက်တိုဘာ ၃၁ ရက် နိုင်ငံတော်ညစာစားပွဲမှာ ပြောကြားခဲ့ပါတယ်။

နောင်တရတယ်ပဲပြောပြီး တရားဝင် တောင်းပန်ခြင်းမရှိတဲ့ ချားလ်စ်ဘုရင်ရဲ့ အမူအရာဟာ အတိတ်ကာလ ဗြိတိသျှဘုရင်နဲ့ ကိုလိုနီစနစ်ကြောင့် ဒီနိုင်ငံ ခုလိုအခြေအနေ ဖြစ်နေရပြီး ကိုလိုနီစနစ်ရဲ့ အကျိုးဆက်က ဒီနေ့အထိ ပြည်သူတွေရဲ့ဘဝကို ပုံဖော်နေတယ် ဆိုတာကို ဝန်ခံအသိအမှတ်ပြုဖို့ ခဲယဉ်းကြောင်း ပြသနေသလို လျော်ကြေးပေးဖို့အတွက် အဆိုပြုဖို့ ပျက်ကွက်ခဲ့ကြောင်း ကိုလိုနီခေတ်အလွဲသုံးစားပြုမှုတွေကနေ လွတ်မြောက်လာသူတွေက ဝေဖန်ပြောဆို ပါတယ်။

၂၀ ရာစုအလယ်ပိုင်း ကာလလောက်က ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှုကို ဆန့်ကျင်ခဲ့တဲ့ ၁၉၅၂-၁၉၆၀ မောင်းမောင်း ပုန်ကန်မှုအတွင်း ကင်ညာနိုင်ငံသား ၉၀၀၀၀ လောက်ဟာ အသတ်ခံခဲ့ရတာနဲ့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးချို့တဲ့ခဲ့ရပြီး အဖမ်းခံရသူ ၁၆၀၀၀၀  လောက် ရှိခဲ့ကြောင်း ကင်ညာလူ့အခွင့်အရေးကော်မရှင် (KHRC) က ခန့်မှန်းထားပါတယ်။

ဗြိတိသျှ ကိုလိုနီနယ်ချဲ့သမားတွေဟာ ကင်ညာနိုင်ငံ အနောက်ပိုင်းမှာ လူထောင်ပေါင်းများစွာ အပေါ် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ မြေယာသိမ်းယူမှုတွေ အပါအဝင် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

ဗြိတိန်ကို သူ့ရဲ့ကိုလိုနီဟောင်းတွေက ကိုလိုနီအတိတ်ကာလက အလွဲသုံးစားမှုတွေကို အသိအမှတ် ပြုရေး ပိုမိုလုပ်ဆောင်ဖို့ တောင်းဆိုလာချိန်မှာပဲ ချားလ်စ်ရဲ့ ကင်ညာခရီးစဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

Source/Photo-Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013