မကွေးတိုင်း၊ မကွေးမြို့မှာ အရင်ကထုတ်ပြန်ထားခဲ့တဲ့ ညမထွက်ရ အမိန့်ကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မကွေးမြို့နယ်အတွင်းမှာ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အကြောင်းပြကာ ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့် စက်တင်ဘာ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာလို့ စစ်ကောင်စီက အောက်တိုဘာလ ၂၆ ရက်နေ့မှာ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ မကွေးမြို့ခံတယောက်က ပြောပါတယ်။
အောက်တိုဘာ ၂၄ ရက်မှာ မြသလွန်ဘုရားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ပြီး ဘုရားပွဲမှာ လူလာအောင်၊ ဘုရားပွဲစည်းကားနေတယ်ဆိုတာကို ပြသချင်လို့ ညမထွက်ရ အမိန့်ကို ရုပ်သိမ်းပေးခဲ့တာလို့ မြို့ခံတွေက သုံးသပ်ပြောဆိုပါတယ်။
မြို့ခံတဦးက “စစ်ကောင်စီက သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ပြည်သူတွေ အေးချမ်းနေတယ်ဆိုတာ ဇွတ်အတင်း ပြသချင်နေကြတာဖြစ်ပြီး ရှေ့ဆက်ပြီး ဘာတွေဆက်ဖြစ်လာမလည်းဆိုတာကိုတော့ စောင့်ကြည့်ရမှပေါ့”လို့ ပြောပါတယ်။
မြသလွန်ဘုရားပွဲတော်ကို ကိုဗစ်-၁၉ ကူးစက်ရောဂါကပ်ဘေးကြောင့် မကျင်းပနိုင်တာ ၃ နှစ်လောက်ရှိခဲ့ပြီး ယခုနှစ်မှာ စစ်ကောင်စီက ဦးစီးပြီး ရက်ပေါင်း ၂၀ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။