Home
မြန်မာသတင်း
ရွှေတိဂုံဘုရားတွင် ရေကြီး ရေလျှံ
DVB
·
October 25, 2023
Swedagon_25102023

ရန်ကုန်မြို့မှာ အောက်တိုဘာ ၂၄ ရက် ညနေ ၃ နာရီလောက်ကစပြီး မိုးသည်းထန်စွာရွာခဲ့တာကြောင့် ရွှေတိဂုံစေတီတော်ရဲ့ အရှေ့ဘက်မုဒ်စောင်းတန်းနဲ့ တောင်ဘက်မုဒ်စောင်းတန်း တို့မှာ ရေကြီးရေလျှံခဲ့တယ်လို့ နိဗ္ဗာန်ကုန်ရောင်းချတဲ့ ဆိုင်ရှင်တွေထံက သိရပါတယ်။

ဘုရားအလယ်ပစ္စယံမှာရှိတဲ့ ကားလမ်းမှာ ရေလျှံမှုဖြစ်ပေါ်ခဲ့တာကြောင့် စောင်းတန်းထဲအထိ ရေတွေဝင်ရောက်ခဲ့တာလို့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

''ညနေ ၃ နာရီခွဲလောက်မှာ ရေတွေ စဝင်လာတာ၊ ရုတ်တရက်ကြီးဆိုတော့ ပစ္စည်းတွေ ဘာတွေ အကုန်သိမ်းချိန်တောင် မရလိုက်ဘူး၊ ညနေ ၅ နာရီလောက်မှာ ရေဝင်တာ ရပ်သွားပါတယ်။ ဘုရားမှာ စျေးရောင်းလာတာ ၁၅ နှစ်ရှိပါပြီ၊ အခုလို တခါမှ မကြုံဖူးဘူး။”

ဒါ့အပြင် မိုးသည်းထန်စွာ ရွာခဲ့တာကြောင့် တာမွေ၊ ဗဟန်း၊ သာကေတ၊ တောင်ဥက္ကလာနဲ့ မြောက်ဒဂုံမြို့နယ်တွေမှာလည်း လူနေအိမ်ထဲထိ ရေတွေ ဝင်ရောက်ခဲ့တယ်လို့ မြို့ခံတွေကနေတဆင့် သိရပါတယ်။

အခုလိုနေအိမ်တွေထဲထိ ရေတွေဝင်ရောက်တာဟာ ရေဆိုးမြောင်းတွေ ပိတ်ဆို့မှုကြောင့် ဖြစ်တယ်လို့ တာမွေမြို့နယ်မှာ နေထိုင်တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

''အရင်ကတော့ ၂ နှစ်တခါလောက် စည်ပင်က မြောင်းဖော်တာတွေ လာလုပ်တယ်။ အခုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း ဦးဆောင်ပြီး လုပ်ပေးမယ့်သူ မရှိတော့ဘူး။ မြောင်းတွေ ပိတ်တော့ အိမ်တွေထဲထိ ရေကဝင်တာပေါ့။”

အရင်စစ်အစိုးရတွေလက်ထက်ကလည်း ရန်ကုန်မြို့က လမ်းတွေမှာ အမြဲလိုလိုရေကြီး လေ့ရှိပြီး အန်အယ်လ်ဒီအရပ်သားအစိုးရလက်ထက်မှာတော့ လမ်းမတွေပေါ်မှာ ရေကြီးတဲ့ပြဿနာကို ကိုင်တွင်ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။

အခု စစ်တပ်က အာဏာထပ်သိမ်းပြီးနောက်မှာတော့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် မှုတွေသာ နေ့စဉ် ကျူးလွန်နေပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်ပေးခြင်း မရှိတော့တာ ဖြစ်ပါတယ်။

အရင်ကလမ်းမကြီးပေါ်မှာသာ ရေကြီးရေလျှံမှုခဲ့ပြီး အခုလို နေအိမ်တွေထဲထိ ရေဝင်ရောက်တာမျိုး မဖြစ်ဖူးဘူးလို့ ဗဟန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးကလည်း ပြောပါတယ်။

''အိမ်ထဲကို ဝင်လာတဲ့ ရေအမြင့်က တစ်ပေ လောက်ရှိတယ်။ မြေညီထပ်တွေဆိုတော့ ပိုဆိုးတယ်။ နောက်နေ့တွေ ဆက်မရွာပါစေနဲ့ ဆုတောင်းနေရတယ်။”

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အင်အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း  “ဟမွန်း” (HAMOON) ကြောင့် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မုန်တိုင်း သက်ရောက်မှုရှိနိုင်ပြီး  ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ အောက်တိုဘာ ၂၆ ရက်အထိ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013