ကျနော့်တသက်မှာ ပန်းတွေပွင့်တာကို ကြည့်ပြီး မှင်တက်ငေးမော အံ့သြရူးသွပ်ရတဲ့ အဖြစ်ဟာ သုံးကြိမ်ရှိပါတယ်။
တကြိမ်က ၁၉၉၄ ခုနှစ်ထဲ ထိုင်း-မြန်မာနယ်စပ် ဘားအံမြို့နယ်ထဲက တောလမ်းခရီးတခုမှာ ကြုံခဲ့ရတာပါ။ ကျနော်က တော်လှန်ရေးသမားဘဝနဲ့ ပြည်ပအသံလွှင့်ဌာနတခုရဲ့ သတင်းထောက်အနေနဲ့ စစ်အစိုးရတပ်တွေနဲ့ နယ်စပ်အခြေစိုက် တော်လှန်ရေးတပ်တွေ လက်ယှက်ထိုး နေရာယူထားတဲ့ နယ်မြေမှာ ခရီးသွားရင်း ကြုံခဲ့ရတာပါ။ ဒီတုန်းက ကျနော့်ကို လိုက်ပါစောင့်ရှောက်ကူညီနေတဲ့ ကရင်တော်လှန်ရေး တပ်ခွဲမှူးလေး ဗိုလ်သိန်းစိုး (ကျဆုံး)၊ ရဲဘော်လေးဝှေ့စာ (ကျဆုံး) တို့နဲ့အတူ ဒုံသမိချောင်းဘေး ကျုံစိန်ရွာက ပြန်လာကြတာပါ။ လူသွားလမ်းသာရှိတဲ့ခရီးပါ။ တောင်ကုန်းတွေ တောအုပ်တွေကို ဖြတ်ကျော်ရပါတယ်။
တောအုပ်တခုကိုတွေ့တော့ လပြည့်ညနဲ့တူပါရဲ့ လမင်းကြီးက ထွက်လာပါတယ်။ ဗိုလ်သိန်းစိုးရဲ့ အပြောအရ နောက်ထပ် တနာရီလောက်လျှောက်ရင် မဲပလိရွာကိုရောက်မှာ၊ အဲဒီရွာမှာပဲ အိပ်ကြမယ်ဆိုတာ သိနေပေမဲ့ ကျနော်ကတော့ တော်တော်ပင်ပန်းနေပါပြီ။ မနက်ကတည်းက ထမင်းတနပ်ပဲ စားခဲ့ရတာတကြောင်း၊ နေက ခေါင်းကို ဓားနဲ့ခွဲသလို ပူပြင်းလှတာက တကြောင်းကြောင့် ကျနော့်မှာ ရောက်တဲ့နေရာတွင် ပစ်လှဲချင်လောက်အောင် ပင်ပန်းနေပါတယ်။
တနေရာရောက်တော့ နက်မှောင်လွန်းတဲ့ လျှိုကလေးတခုထဲ ဝင်လာကြပါတယ်။ တောအုပ်က ထူတဲ့အပြင် ရေစပ်စပ် လျှိုကလေးထဲ ဆင်းလာကြရတာဖြစ်လို့ ရှေ့ကလူရဲ့ ခြေသံကိုပဲ အသေအချာ နားထောင်ပြီး နောက်က ဆက်လျှောက်ရပါတယ်။ ကျနော့်အထင် ရေစပ်စပ် လျှိုကလေးထဲ မိနစ်နှစ်ဆယ်လောက် လျှောက်ခဲ့ရတယ်လို့ ထင်ပါတယ်။ နားကို အားပြုရတာဖြစ်လို့ တောထဲမှာ မျက်စိထက် နားက ပိုပြီးအသုံးဝင်တယ်ဆိုတဲ့ စကားကိုလည်း လျှောက်လာရင်းက တွေးမိပါတယ်။
ဒီလျှိုကလေးဟာ ရင်ငန်းသီးတောကို ဖြတ်တဲ့ရှို ဖြစ်တယ်လို့ ဆိုပါတယ်။ တခါတလေ ဝံတွေလည်းလာပြီး ရင်ငန်းသီး စားလေ့ရှိပါတယ်။ ဝံတွေက ပါးနပ်ကြပါတယ်။ သူတို့ အခွံနွှာစားထားတဲ့ ရင်ငန်းသီးတောဆိုရင် ဘာမှမစဉ်းစားနဲ့ အဲဒါ ရင်ငန်းအချိုသီးပဲလို့ ပြောကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ရောက်သွားတဲ့အချိန်က ရင်ငန်းသီး သီးတဲ့မှည့်တဲ့အချိန် မဟုတ်လို့ တော်ပါသေးရဲ့လို့ စိတ်ကိုဖြေရပါတယ်။ ဒါပေမဲ့လည်း ပတ်ဝန်းကျင်တခုလုံး ပိန်းပိတ်အောင် မှောင်နေတဲ့ကြား တယောက်ခြေသံ တယောက် နားစိုက်ထောင်ပြီးမှ လျှောက်လာနေကြရတာမို့ ကျနော်ကတော့ တော်တော့ကို စိုးရိမ်ခဲ့ ထိတ်လန့်ခဲ့ရပါတယ်။ အကယ်၍ မမျှော်လင့်ဘဲ ဝံနဲ့တိုးရင်လည်း ဒီအတိုင်းရင်ဆိုင်ရဖို့ပဲ ရှိမယ်ထင်ပါတယ်။ ရင်ငန်းတောဆိုတာ ဆူးတွေတကားကားနဲ့ အုပ်လိုက်ရှိနေတာမို့ ကိုယ်ထင်ရာ စွပ်ပြေးလို့ကလည်း မရဘူးလေ။
ရုတ်တရက် ငြိမ်နေတဲ့ ကျနော့်အခြေအနေကို ရိပ်မိသွားဟန်တူပါရဲ့။ သိပ်တော့လည်း စိတ်မပူပါနဲ့ ကိုငြိမ်း၊ ဝံက ဟိုဘက်က ရင်ငန်းသီးစားနေရင် သူလည်း ကျနော်တို့ဆီ လာလို့မရ ကျနော်တို့လည်း သူ့ဆီ သွားလို့မရပါဘူးလို့ပြောပြီး ဗိုလ်သိန်းစိုးက အားပေးရှာပါတယ်။
နောက်တော့ ကျနော်တို့လေးယောက် လျှိုကလေးထဲက ထွက်လာနိုင်ခဲ့ကြပါတယ်။ အတူလာကြတာ လေးယောက်အနက်က ကျနော်က တတိယမြောက်နေရာက တန်းစီ လျှောက်လာကြတာပါ။ အဲသလိုနဲ့ လျှိုကလေးထဲကအထွက် ကုန်းကမူလေးပေါ် တက်ရပ်လိုက်တယ် ဆိုရင်ပဲ ကျနော့်မှာ မလှမ်းမကမ်း တောင်ကမ်းပါးယံနဲ့ မျက်လုံးဝိုင်းကွင်းကို၊ ဒီဒေသက တကယ်တော့ မြေပြန့်ကျယ်ကျယ်ပြန့်ပြန့် သိပ်မရှိလှပါဘူး။ ဆိုလိုတာက စပါးကိုထွန်ယက်စိုက်ပျိုးလို့ ရလောက်အောင် ကျယ်တဲ့မြေ မရှိပါဘူး။ ဒါကြောင့်မို့ ဘောလုံးကွင်းတဝက်လောက်ကျယ်တဲ့ ဒီမြေပြန့်ကလေးကိုပဲ အားရဝမ်းသာစိတ်နဲ့ ဒေသခံတွေက မျက်လုံးဝိုင်းအောင် ကြည့်ရတဲ့ကွင်း “မျက်လုံးဝိုင်းကွင်း” အဖြစ် တင်စား ပြောဆိုကြတာပါ။
အဲဒီကွင်းအစပ် ကုန်းထိပ်ပေါ် တက်ရပ်လိုက်တယ် ဆိုရင်ပဲ ကျနော့်မှာ နေရာမှာတင်ရပ်ပြီး မြင်ကွင်းကြီးကို အံ့သြမှင်တက် ကြည့်မိပါတော့တယ်။ ကွင်းတခုလုံး တောင်စောင်းကြီးတခုလုံး ဝါဝါထိန်နေတဲ့ တောရိုင်းနေကြာခင်းကြီးကို လရောင်အောက်မှာ တွေ့လိုက်ရပါတယ်။
ကျနော့်မှာ ရှေ့ဆက်ခရီးသွားဖို့က ရှိနေသေးလို့သာ လမ်းဆက်လျှောက်ရပေမဲ့ ဒီလရောင်အောက်က နေကြာခင်းကြီးကို တသက်လုံး မေ့လို့မရအောင် စိတ်ထဲ စွဲနေခဲ့ရပါတယ်။
နောက်တခါ အတွေ့အကြုံတခု ရှိပါတယ်။ အဲဒါကတော့ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလထဲ ရှမ်းပြည် နောင်ချိုမြို့ကို ကျနော်ရောက်ပါတယ်။ နောင်ချိုမြို့နားက နာမည်ကြီးနေရာတချို့ကို လိုက်ကြည့်ပါတယ်။ အဲဒီတုန်းက နောင်ချိုကနေ ဘန့်ဘွေးကျင်း ရေတံခွန်ရှိရာ အသွား တနေရာရောက်တော့ ကားလမ်းဘေးနှစ်ဖက် ကားလမ်းကို အနားကွပ်သလို ပေါက်နေတဲ့ တောရိုင်းနေကြာခင်းကို တွေ့ရပါတော့တယ်။ လှပတဲ့ ကားလမ်းကလေးပဲလို့ တွေးရင်း ကားဆက်စီးလာတော့ ကားလမ်းရဲ့ညာဘက် အနိမ့်ပိုင်းကွင်းတွေဆီမှာ တောရိုင်းနေကြာခင်းတွေ တပြန့်တပြောမြင်ရလို့ ကျနော်က ကားရပ်ခိုင်းပြီး ကွင်းနဲ့အနီးဆုံးအထိ သွားပြီး ဓာတ်ပုံရိုက်ပါတယ်။ နောက်တော့ ကားရှိရာ ကားလမ်းမဆီ ပြန်လာဖို့ လှည့်လိုက်တဲ့အခါ ကားလမ်းပေါ်ကကြည့်ရင် ရုတ်တရက် မမြင်ရအောင် ခြုံတွေ နေကြာပင်တွေ ကာထားသလိုဖြစ်နေတဲ့ တောရိုင်းနေကြာပန်းတွေ ဖုံးနေတဲ့ တောင်ကုန်းတခုကို ဘွားကနဲ တွေ့ရပါတော့တယ်။ ကျနော်က အတူလိုက်ပါလာတဲ့ ပန်းချီဆရာမ ရှားရိုဖောကို “ဆရာမရေ ဟောဒီမှာ အရမ်းလှတဲ့ နေကြာတောင်ကုန်းကြီးဗျ” လို့ လှမ်းအော်ပြောရင်း တောင်ကုန်းနဲ့ အနီးဆုံးအထိ မြွေမသိကင်းမသိ ခြုံတွေအတင်းတိုးသွားပြီး ဓာတ်ပုံရိုက်ပါတယ်။ ကားပေါ်ပြန်ရောက်တော့ ကျနော်ရိုက်ထားတဲ့ အဲဒီ နေကြာတွေ ဖုံးနေတဲ့ တောင်ကုန်းပုံကို ကြည့်ပြီး “ဗျတ္တသာဆိုရင် ဘယ်လောက်ဝမ်းသာလိုက်မလဲ ဆရာမ” လို့ ပြောတော့ ဆရာမရှားရိုဖောကလည်း ချက်ချင်းဆိုသလိုပဲ “ဒါဆို အဲဒီတောင်ကုန်းကို ဗျတ္တတောင်ကုန်း” လို့ ခေါ်ကြရအောင်လို့ ပြန်ပြောပါတယ်။ အဲဒီ နေကြာပန်းခင်း နေကြာတောင်ကုန်း မြင်ကွင်းကိုလည်း ကျနော့်မှာ အစွဲလမ်းကြီး စွဲလမ်းခဲ့ရပါတယ်။
တတိယအကြိမ် စွဲလမ်းခဲ့ရတဲ့ ပန်းကတော့ ဟောဒီ ချင်းတောင်ပေါ်က ခေါ်နူးဇုမ်တောင်အသွား လမ်းမှာ တွေခဲ့ရတဲ့ တောင်ဇလပ်ပန်းတွေပါပဲ။
ကျနော်က အနုပညာခံစားမှု ရူးသွပ်သူဖြစ်တော့ကာ လှပတဲ့ပန်းတွေကိုတွေ့ရင် အရမ်းကာရော သဘောကျတတ်ပါတယ်။ ဓာတ်ပုံလည်းရိုက်၊ စာလည်း ပြန်ရေးတတ်ပါတယ်။ တောင်ဇလပ်ပန်းကျတော့ ကျနော့်မှာ ဒီစာရေးနေတဲ့အချိန်အထိ ဘာ့ကြောင့် ဒီပန်းက ဒီလောက်လှ ဒီလောက် ထူးဆန်းနေရတာပါလိမ့်လို့ ကြုံကြိုက်တိုင်း တွေးနေမိပါတယ်။