ခက်ထန်ကြမ်းတမ်း တော်လှန်ရေးခရီးလမ်းတလျှောက် ငါတို့မှာ ငါတို့ပဲရှိတယ် ဆိုတဲ့ စိတ်နဲ့ တယောက်ကိုတယောက် ကူ၊ တယောက်ကိုတယောက် ထူရင်း မယိမ်းမယိုင် မယိုင်မနွဲ့ လက်တွဲပါဝင်နေကြဆဲ တော်လှန်ရေးအလွှာအသီးသီးကို လေးစားစွာ မှတ်တမ်းတင်အပ်ပါတယ်။
အာဏာရှင်ပေးတဲ့ ဒုက္ခအမွေဆိုးကြားမှာ ဆေးဘက်ဆိုင်ရာ ကွက်လပ်ကလေးတခုကို ပါဝင်အားဖြည့်တဲ့အနေနဲ့ ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် အနီးဆုံး လက်လှမ်းတမီမှာ ရှိတဲ့ မန်ကျည်းပင်ရဲ့ ထူးခြားတဲ့ ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးများနှင့် သုံးစွဲပုံအကြောင်းကို မျှဝေတင်ပြသွားမှာ ဖြစ်ပါတယ်။
မန်ကျည်းပင်ကို သိပ္ပံအမည်အားဖြင့် Tamarindus indica လို့ခေါ်ပြီး အင်္ဂလိပ်လို Tamarind လို့ ခေါ်ပါတယ်။
မန်ကျည်းကို ဟင်းခတ်အမွှေးအကြိုင်များ၊ အချဉ်ရည်များ၊ ဖျော်ရည်များနှင့် အချိုပွဲများ၊ မုန့်နှင့် စားသောက်ကုန်များ ပြုလုပ်ရာမှာ တကမ္ဘာလုံး အသုံးပြုကြတဲ့အပြင် ဆေးဘက်ဆိုင်ရာနှင့် အာဟာရဆိုင်ရာမှာလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲကြပါတယ်။
ပထမဦးစွာ မန်ကျည်းပင်မှ မန်ကျည်းသီးအကြောင်းကို မျှဝေပါမယ်။
မန်ကျည်းသီးမှာ အမျှင်ဓာတ်ကြွယ်ဝပြီး အဆီပါဝင်မှုမရှိဘဲ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်းနှင့် အသည်းနှင့် နှလုံး ကျန်းမာရေးကို ကူညီပေးပါတယ်။
မန်ကျည်းသီးမှာ flavonoids နှင့် polyphenols များ ပါဝင်တာကြောင့် မန်ကျည်းသီး နေ့စဉ် စားသုံးပေးတာက ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ဖြစ်စေပါတယ်။
မန်ကျည်းသီးမှာပါဝင်တဲ့ hydroxycitric acid ဟာ amylase အင်ဇိုင်း (ကာဗိုဟိုက်ဒရိတ်ကို အဆီအဖြစ်သို့ ပြောင်းလဲပေး) ကို ဟန့်တားပေးပြီး အစာစားချင်စိတ်ကို လျော့နည်းစေတဲ့ ထူးခြားတဲ့ အစွမ်းအာနိသင် ရှိပါတယ်။
မန်ကျည်းသီးမှာပါတဲ့ polyphenolic ဓာတ်ပေါင်းတွေက အစာအိမ်အတွင်းပိုင်းနှင့် အူသိမ်အတွင်းမှာဖြစ်တဲ့ အနာတွေကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။
မန်ကျည်းသီးမှာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့ alpha-amylase အင်ဇိုင်း ပါဝင်ပြီး ဆီးချိုရောဂါမှာ ပန်ကရိယတစ်သျှူးများ ပျက်စီးမှုကို တားဆီးပေးတဲ့အပြင် မန်ကျည်းသီးမှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ သဘာဝပစ္စည်းများလည်း ပါဝင်တယ်။
မန်ကျည်းသီးမှာ ပါဝင်တဲ့ Flavonoids ဓာတ်များဟာ မကောင်းတဲ့သွေးတွင်းအဆီ (LDL) ကို လျော့ကျစေပြီး ကောင်းတဲ့သွေးတွင်းအဆီ (HDL) ကို တိုးပွားစေတာကြောင့် သွေးတွင်း triglycerides အဆီအမျိုးအစားများ စုပုံလာခြင်းကို ကာကွယ်ပေးပါတယ်။ မန်ကျည်းသီးမှာ တာတာရစ်အက်ဆစ်၊ မာလစ်အက်ဆစ် ပါဝင်တဲ့အပြင် ပိုတက်စီယမ် ပါဝင်မှု မြင့်မားတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်စွမ်းရှိပြီး ဝမ်းပျော့စေတဲ့ အာနိသင်လည်း ရှိပါတယ်။ မန်ကျည်းသီးဖျော်ရည်ဟာ ဝမ်းချုပ်သူများအတွက် အထူးသင့်လျော်ပြီး နေ့စဉ်စားသုံးပါက အသည်းအဆီဖုံးခြင်းကိုလည်း သက်သာစေပါတယ်။
မန်ကျည်းသီးမှာပါဝင်တဲ့ antihistamine ဂုဏ်သတ္တိကြောင့် ဓာတ်မတည့်ခြင်းကို ကုသနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ ဗီတာမင်စီ ကြွယ်ဝခြင်းကြောင့် ပန်းနာရင်ကျပ်နှင့် ချောင်းဆိုးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
မန်ကျည်းရွက်မှာ ဘက်တီးရီးယား ဆန့်ကျင်တဲ့ ဂုဏ်သတ္တိနှင့် ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများ ပါဝင်ပြီး သွားနှင့် ခံတွင်းရောဂါများကို ကာကွယ်နိုင်ခြင်း၊ ရာသီလာစဥ် ကိုက်ခဲခြင်းကို သက်သာစေခြင်းနှင့် အနာများကို အကျက်မြန်စေခြင်းအပြင် နို့တိုက်မိခင်များ နို့ထွက်ခြင်းကို မြှင့်တင်ပေးပါတယ်။
မန်ကျည်းရွက်မှာ ငှက်ဖျားရောဂါ တိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ငှက်ဖျား ရောဂါဝေဒနာရှင်များ မန်ကျည်းရွက်သတ္တုရည် ကော်ဖီဇွန်း ၂ ဇွန်းကို ငရုတ်ကောင်းမှုန့် ကော်ဖီဇွန်းဝက်ထည့်ပြီး ကွမ်းရွက် သို့မဟုတ် ဆေးခါးကြီးရွက် ပြုတ်ရည်ပူပူတို့နဲ့ တနေ့ ၃ ကြိမ်မှ ၄ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
မန်ကျည်းရွက်ဟာ ဗီတာမင်စီကြွယ်ဝပြီး ခန္ဓာကိုယ်တွင်း သကြားဓာတ်ပမာဏကို ထိန်းညှိပေးပြီး အင်ဆူလင် အာရုံခံနိုင်စွမ်းကို တိုးမြင့်စေတဲ့အတွက် မန်ကျည်းရွက် ဟင်းလျာများကို ဓာတ်စာအဖြစ် ပုံမှန်စားသုံးပေးတာက ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် ဗီတာမင်စီ ချို့တဲ့ခြင်းကို ကောင်းမွန်စေပါတယ်။
မန်ကျည်းရွက်မှာ အက်စ်ကောဘစ်အက်ဆစ် ပါဝင်မှု မြင့်မားပြီး ပိုးသတ်ဆေးအာနိသင် ပါဝင်တာကြောင့် ရောဂါပိုးမွှားတွေကို ကာကွယ်ပေးပြီး အနာကို အကျက်မြန်စေခြင်းနှင့် ရောင်ရမ်းတဲ့ လက္ခဏာတွေကို သက်သာစေတဲ့အပြင် မန်ကျည်းရွက်စားခြင်းဖြင့် သွေးနီဥ၊ သွေးဖြူဥ မြင့်တက်စေပါတယ်။
အသားဝါရောဂါအတွက် မန်ကျည်းရွက်ပြုတ်ရည် ရေနွေးကြမ်းတခွက်စာကို သကြား ကော်ဖီ ၂ ဇွန်းထည့်ပြီး တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
အဆစ်အမြစ် ရောင်ရမ်းခြင်းနဲ့ လေးဘက်နာရောဂါများအတွက် မန်ကျည်းရွက် သတ္တုရည် ကော်ဖီ ၂ ဇွန်းကို သင်္ဘောရွက် သတ္တုရည် ကော်ဖီ ၁ ဇွန်း၊ ပျားရည်ကော်ဖီ ၁ ဇွန်း ရောစပ်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှော၊ ဗိုက်နာခြင်းများအတွက် မန်ကျည်းရွက်ပြုတ်ရည် ရေနွေးကြမ်းပန်းကန် တဝက်ဖြစ်စေ မန်ကျည်းခေါက်သွေးရည်/မန်ကျည်းမြစ်သွေးရည် ကော်ဖီဇွန်း ၂ ဇွန်းကို ပျားရည်ကော်ဖီ ၁ ဇွန်း ရောစပ်ပြီးဖြစ်စေ တနေ့ ၂-၄ ကြိမ် အခြေအနေပေါ်မူတည်ပြီး သောက်ပေးနိုင်ပါတယ်။
သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် မန်ကျည်းရွက်/မန်ကျည်းခေါက်ပြုတ်ရည်ကို ငုံပေးနိုင်ပါတယ်။
ထိခိုက်ရှနာများမှာ မန်ကျည်းရွက်သတ္တုရည်ကို ထည့်ပေးနိုင်ပါတယ်။
မန်ကျည်းရွက်သတ္တုရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်တာကြောင့် အိုမင်းရင့်ရော်မှုနှင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
မန်ကျည်းခေါက်သွေးရည်ကို မျက်နှာနှင့် အသားအရေကို လိမ်းပေးခြင်းဖြင့် ဝက်ခြံ၊ မှဲ့ခြောက်၊ တင်းတိပ်နှင့် နေလောင်ခြင်းကို သက်သာစေပါတယ်။
မန်ကျည်းစေ့မှာ ဖော့စဖရပ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ အမိုင်နိုအက်ဆစ်၊ ဗီတာမင်များနှင့် အာဟာရဓာတ်များ ပါဝင်ပြီး ကျန်းမာရေးအကျိုးကျေးဇူး များစွာကို ပေးစွမ်းနိုင်ပါတယ်။
ဝမ်းလျှောဝမ်းပျက်နှင့် ဝမ်းကိုက်ရောဂါတွေအတွက် မန်ကျည်းစေ့အခွံကို အမှုန့်ပြုလုပ်ပြီး တခါသောက် ကော်ဖီဇွန်း ၁ ဇွန်း ရေနွေးဖြင့် တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။
အရေပြားယားယံခြင်းအတွက် မန်ကျည်းစေ့ အတွင်းသားကို သွေးပြီး လိမ်းပေးနိုင်ပါတယ်။
အဆစ်ရောင်ရောဂါအတွက် မန်ကျည်းစေ့လှော်မှုန့် လက်ဖက်ရည်ဇွန်း တဝက်ခန့်ကို ရေဖြင့် တနေ့လျှင် ၂ ကြိမ် သောက်သုံးပေးပါက အဆစ်အတွင်း ချောဆီများကို မြှင့်တင်ပေးပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။
မန်ကျည်းစေ့အမှုန့်ကို သွားနှင့် သွားဖုံးများပေါ် ပွတ်တိုက်ပေးပါက သွားနှင့်သွားဖုံးကို ကြံ့ခိုင်စေပြီး လက်ဖက်ရည်၊ ကော်ဖီ၊ ဆိုဒါနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အစွန်းအထင်း အညစ်အကြေးများကို ဖယ်ရှားပေးပါတယ်။ မန်ကျည်းစေ့လှော်ကို အမှုန့်ပြုလုပ်ပြီး သွားပွတ်တံဖြင့် သွားတိုက်ပေးနိုင်ပါတယ်။
မန်ကျည်းစေ့မှုန့်ဖျော်ရည်က ခံတွင်းကောင်းစေပြီး လည်ချောင်းနာခြင်းအတွက် မန်ကျည်းစေ့မှုန့်ဖျော်ရည်နဲ့ ပလုတ်ကျင်းပေးနိုင်ပါတယ်။ အာသီးရောင်ခြင်း၊ ချောင်းဆိုးခြင်း၊ အအေးမိခြင်းနှင့် အခြားသော လည်ချောင်းပိုးဝင်ခြင်းများအတွက် မန်ကျည်းစေ့မှုန့်ဖျော်ရည် ရေနွေးကြမ်းတခွက်စာကို ချင်း(ဂျင်း)နှင့် သစ်ကြံပိုးခေါက်မှုန့် ကော်ဖီဇွန်းဝက်ခန့်စီ ရောစပ်ပြီး တနေ့ ၂-၃ ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
မန်ကျည်းစေ့ဟာ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတဲ့အတွက် ဆီးချိုရောဂါ ဝေဒနာရှင်များ မန်ကျည်းစေ့ကို ပုံမှန်စားသုံးနိုင်ပါတယ်။
မန်ကျည်းစေ့မှာ ပိုတက်စီယမ် ပါဝင်တဲ့အတွက် သွေးဖိအားကို ထိန်းညှိနိုင်ပြီး သွေးတိုးရောဂါနှင့် နှလုံးရောဂါဝေဒနာရှင်များအတွက်လည်း များစွာ အကျိုးပြုပါတယ်။
မန်ကျည်းစေ့မှာ အမျှင်ဓာတ်ကြွယ်ဝပြီး သွေးတွင်းအဆီ (ကိုလက်စထရော) ကို လျှော့ချပေးနိုင်တဲ့အတွက် မန်ကျည်းစေ့ဖျော်ရည် သောက်ပေးခြင်းဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ရုံမက အစာမကြေခြင်းနှင့် အစာအိမ် ရောင်ရမ်းခြင်းကို သက်သာပျောက်ကင်းစေတဲ့ သဘာဝဆေးတလက် ဖြစ်ပါတယ်။
မန်ကျည်းစေ့ဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။
မန်ကျည်းစေ့မှာပါဝင်တဲ့ ဘက်တီးရီးယား ဆန့်ကျင်ပစ္စည်းများဟာ အဆုတ်ရောင်ရောဂါပိုး၊ အူလမ်းကြောင်းနှင့် ဆီးလမ်းကြောင်းရောဂါပိုး ဝင်ရောက်ခြင်းတို့ကို ဟန့်တားနိုင်ပြီး အရေပြားပိုးဝင်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
မန်ကျည်းစေ့သွေးရည်ကို မျက်မြှေးရောင်ခြင်းအတွက် မျက်လုံးမျက်အပြင်ကို လိမ်းပေးနိုင်ပါတယ်။
မန်ကျည်းစေ့မှာ အရေပြားအစိုဓာတ်ကို ထိန်းပေးတဲ့ hyaluronic acid ပါဝင်တာကြောင့် မန်ကျည်းစေ့အမှုန့်ကို လိမ်းကျံပေးခြင်းဖြင့် အသားအရေကို ချောမွေ့စေပါတယ်။
မန်ကျည်းစေ့မှာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပြီး ရောဂါများစွာကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။
သတိပြုရန်အနေနဲ့ မန်ကျည်သီးကို များစွာစားသုံးမယ်ဆိုရင် ဝမ်းလျေှာစေနိုင်ပါတယ်။ မန်ကျည်းရွက် စားသောက်ခြင်းကြောင့် လူအနည်းစုမှာ အဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်း ကဲ့သို့ ဓာတ်မတည့်တဲ့လက္ခဏာများ ဖြစ်ပေါ်ပါက မန်ကျည်းရွက်စားသုံးခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။ မန်ကျည်းစေ့စားသုံးခြင်းကြောင့် ဝမ်းချုပ်ခြင်း၊ လေချုပ်ခြင်း ဖြစ်ပါက မန်ကျည်းဖျော်ရည်ကို ဖြေဆေးအဖြစ် သောက်ပေးပါ။
တော်လှန်ပြည်သူများ မိမိတို့ရဲ့ လက်လှမ်းတမီမှာရှိတဲ့ မန်ကျည်းပင်မှ ဆေးဘက်ဆိုင်ရာ အာနိသင်များနှင့် သုံးစွဲပုံတို့ကို သိရှိပြီး အလွယ်တကူ ယူငင်သုံးစွဲနိုင်ဖို့ အလေးထား ရေးသားလိုက်ပါတယ်။
တော်လှန်ရေးခရီးကို ပန်းတိုင်ရောက်တဲ့အထိ ကျန်းကျန်းမာမာဖြင့် အတူတကွ လက်တွဲညီညီ ကျော်ဖြတ်နိုင်ကြပါစေ။