စစ်ကောင်စီက စီစဉ်ကျင်းပတဲ့ NCA ၈ နှစ်ပြည့်ပွဲသွားတက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးကို တာဝန်တွေကနေ ရုပ်သိမ်းကြောင်း ဗဟိုကော်မတီက ကြေညာပါတယ်။
အောက်တိုဘာ ၁၆ ရက်မှာ ကျင်းပတဲ့ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ သူတို့ရဲ့ နိုင်ငံရေးနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးကနေ ရုပ်သိမ်းလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
NCA ၈ နှစ်ပြည့်ပွဲ သွားတက်သူတွေကတော့ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ ရဲဘော် စောမောင်မောင်ဦးနဲ့ ရဲဘော်မင်းဇော်တို့ ဖြစ်တယ်လို့ ABSDF ပြောခွင့်ရသူ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက ဒီဗွီဘီကို ပြောပါတယ်။
“တာဝန်တွေ ရပ်ဆိုင်းတယ်ဆိုတာ ညီလာခံတခုနဲ့တခုကြားမှာ ရပ်ဆိုင်းတာဖြစ်ပါတယ်။ ဒါပေမဲ့ တပ်ဦးရဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ သူတို့ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။”
ABSDF ရဲ့ ညီလာခံကို ၃ နှစ်တကြိမ် ကျင်းပလေ့ရှိပြီး အဲဒီညီလာခံမှာ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်ရေးတွေ အပါအဝင် တပ်ဖွဲ့ရဲ့ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြတာပါ။
နောက်လာမယ့် ညီလာခံကိုတော့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလထဲမှာ ကျင်းပဖွယ်ရှိတယ်လို့ ရဲဘော်ဆန်နီက ရှင်းပြပါတယ်။ ဒါကြောင့် အခုတာဝန်ရုပ်သိမ်းခံရသူ ၃ ဦးဟာ ညီလာခံမတိုင်မီအထိ အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေမှာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက ဒီညီလာခံကိုတက်ဖို့ ABSDF ကို ဖိတ်ကြားခဲ့ပေမဲ့ အဖွဲ့ရဲ့ရပ်တည်ချက်နဲ့ ကိုက်ညီခြင်းမရှိတဲ့အတွက် တက်ရောက်မှာမဟုတ်သလို ဘယ်အဖွဲ့ဝင်ကိုမှလည်း တက်ရောက်ဖို့ တာဝန်ပေးထားတာ မရှိဘူးလို့ ထုတ်ပြန်ထားပါသေးတယ်။
ဒီကိစ္စရပ်တွေနဲ့ပတ်သက်လို့ NCA ၈ နှစ်ပြည့်ပွဲ သွားတက်ခဲ့တဲ့ ရဲဘော် မျိုးဝင်းထံ ဒီဗွီဘီက ဆက်သွယ်ပေမဲ့ ဖုန်းဖြေဆိုခြင်း မရှိသေးပါဘူး။ ရဲဘော် မျိုးဝင်းဟာ NCA ၈ နှစ်ပြည့်ပွဲအပြီးမှာ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တချို့နဲ့အတူ အာဏာသိမ်း စစ်ခေါင်းဆောင်ကိုလည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။
၁၉၈၈ မှာ စတင်တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဟာ ၂၀၁၅ ခုနှစ်မှာ တခြား တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ NCA ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့အတူ ဒီစာချုပ်ဟာ လုံးဝ ပျက်ပြယ် ပြီးဆုံးသွားပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကပူးတွဲပြီး အောက်တိုဘာ ၁၂ ရက်မှာ ကြေညာထားပါတယ်။
စိုးသူအောင်
Photo-DSINFO