(၁)
၁၉၉၃ ခုနှစ် အောက်တိုဘာလ။
ဒီမိုကရက်တစ်မြန်မာ့အသံ ပထမအကြိမ် အသံလွှင့်သမားသင်တန်းပြီးတဲ့အခါ သင်တန်းဆရာ နော်ဝေလူမျိုး “ယန်းအီးဂဲဘတ်ခ်”က သင်တန်းသားတချို့ကို တဦးချင်းစီ ခေါ်တွေ့ပြီး “သူပြန်တော့မယ်၊ အထူးအထွေ ဘာပြောစရာရှိသလဲ” လို့ မေးပါတယ်။ တခြားသင်တန်းသားတွေ ဘာပြောသလဲတော့ မသိပါဘူး။ ကျနော်ကတော့ ဖြစ်နိုင်ရင် ကျနော့်အတွက် ကဗျာစာအုပ်တွေ ဝယ်ပေးဖို့ ပြောမိပါတယ်။ အထူးသဖြင့် အာရှ အာဖရိက လက်တင်အမေရိက အမျိုးသားလွတ်မြောက်ရေးဆောင်ရွက်နေကြတဲ့ တိုင်းပြည်တွေက ကဗျာစာအုပ်တွေနဲ့ လက်ရှိ ကမ္ဘာ့ခေတ်ပေါ်ကဗျာအုပ်တချို့ လိုချင်ပါတယ်ဆိုပြီး အားမနာ လျှာမကျိုး တောင်းဆိုလိုက်မိပါတယ်။
ဆရာယန်းအီးဂဲဘတ်ခ် တော်လှန်ရေးဌာနချုပ် မာနယ်ပလောက ပြန်သွားပြီး တလခန့်အကြာ ဘန်ကောက်ကနေပြီး စာအုပ်ထုပ်တထုပ် လူကြုံနဲ့ ရောက်လာပါတယ်။ ကျနော့်အတွက် ဆရာက ပို့ပေးလိုက်တဲ့ ကဗျာစာအုပ် ၁၈ အုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်တွေထဲမှာ ဂျာမန် ပဉ္စလက်သရုပ်မှန် ကဗျာဆရာ “ဂန်တာ ဂရပ်စ် - Gunter Grass” ရဲ့ လက်ရွေးစင်ကဗျာစာအုပ် ပါလာပါတော့တယ်။
တခါ အဲဒီနှစ်ထဲမှာပဲ ဂျာမနီက အမျိုးသမီးနှစ်ဦး မာနယ်ပလောကို လာလည်ပါတယ်။ တဦးက ဘွဲ့ယူကာနီး တက္ကသိုလ်ကျောင်းသူဖြစ်ပြီး နောက်တဦးကတော့ သူ့မိခင် ဖြစ်ပါတယ်။
သူတို့နှစ်ယောက်က မာနယ်ပလောမှာရှိတဲ့သူတွေထဲက ကဗျာရေး စာရေးတဲ့သူ၊ စာပေဝါသနာရှင်များနဲ့ တွေ့ဆုံစကားပြောချင်တယ်ဆိုလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD L.A ဗဟိုဌာနချုပ် စည်းဝေးခန်းမမှာ တွေ့ဆုံ စကားဝိုင်း လုပ်ပါတယ်။ NLD L.A ဥက္ကဋ္ဌ ဦးဝင်းခက် (ကွယ်လွန်) က စကားပြန်လုပ်ပါတယ်။
အဲဒီစကားဝိုင်းမှာ လက်ရှိ ဂျာမနီမှာ ဘယ်ကဗျာဆရာက နာမည်အကြီးဆုံးဖြစ်မယ် ထင်ပါသလဲလို့ ကျနော်က မေးပါတယ်။ ကျနော့်မေးခွန်းကိုဖြေဖို့ သားအမိနှစ်ယောက် ဂျာမန်လို အချီအချပြောကြ စဉ်းစားကြပြီးမှ “ဂန်တာ ဂရပ်စ်” ပါလို့ အဖြေပေးပါတယ်။ ကျနော်က စကားဝိုင်းပြီးမှ ကျနော့်အိပ်စင်ဘေးက “ဂန်တာ ဂရပ်စ် လက်ရွေးစင်ကဗျာစာအုပ်” ကို ယူပြလိုက်ပါတယ်။ သားအမိနှစ်ယောက်စလုံး ဝမ်းသာအားရ သဘောကျသွားကြပါတယ်။
အဲဒီအချိန်က ဂန်တာ ဂရပ်စ်ရဲ့ ကဗျာစာအုပ် အမှာစာထဲမှာ ဂန်တာ ဂရပ်စ် ငယ်စဉ်က ဟစ်တလာရဲ့ လူငယ့်လက်ရုံးတပ်ထဲ ပါခဲ့ဖူးတာတွေ့ပြီး စိတ်ထဲ စနိုးစနောင့်တော့ ဖြစ်လိုက်ပါသေးတယ်။ ဒါပေမဲ့လည်း သူ့ကဗျာတွေက ကျနော့်ကို တော်တော့်ကို လွှမ်းမိုးနေခဲ့ပါပြီလေ။
(၂)
၁၉၉၇ ခု။
နော်ဝေနိုင်ငံ အော်စလိုမြို့။
ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) မှာ အလုပ်ဝင်လုပ်နေစဉ်ကပါ။
တနေ့ အိမ်မှာထိုင်နေရင်းက ရက်လွန်သတင်းစာတစောင်ကို ကောက်ဖတ်မိပါတယ်။ သတင်းစာထဲမှာ အော်စလိုကို ဂျာမန်ကဗျာဆရာ “ဂန်တာ ဂရပ်စ်” အလည်လာတဲ့အကြောင်း၊ SAS ဟိုတယ်မှာ နှစ်ရက်နေပြီး နော်ဝေကဗျာဆရာတချို့နဲ့ တွေ့ဆုံတဲ့အကြောင်း ကျနော် ဖတ်ရပါတယ်။ သတင်းကို ဖတ်နေရင်းက စိတ်လှုပ်ရှားမှုနဲ့ ဆက်ဖတ်တော့ ဂျာမန်ကဗျာဆရာ “ဂန်တာ ဂရပ်စ်” နော်ဝေကနေ ပြန်သွားတာ မနေ့ကပဲဆိုတာ တွေ့လိုက်ရပါတယ်။ ကျနော်က သတင်းကို သေသေချာချာ ထပ်ပြီးဖတ်ပါတယ်။ ဂျာမန်ကဗျာဆရာ နော်ဝေကနေ မနေ့ကပဲ ပြန်သွားတာ အသေအချာပါပဲ။
ကျနော်က သတင်းစာကို လက်ကမချဘဲ ထိုင်ခုံမှာ ငိုင်နေမိပါတယ်။ ဖြစ်မှဖြစ်ရလေဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်ရပါတယ်။
SAS ဟိုတယ်ကြီးမှာ ဂန်တာဂရပ်စ် ရှိနေ၊ တည်းခိုနေ၊ နော်ဝေကဗျာဆရာတွေနဲ့ တွေ့ဆုံနေစဉ် နှစ်ရက်က ကျနော်သည် ယင်း SAS ဟိုတယ်ကြီးရှေ့မှ နေ့စဉ်ဖြတ်သန်းကာ ဘုရင့်ပန်းခြံအတွင်းက ထိုင်ခုံမှာ သွားထိုင်ပြီး “ဂန်တာ ဂရပ်စ် လက်ရွေးစဉ်ကဗျာ” စာအုပ်ကို သဲကြီးမဲကြီး ဖတ်နေခဲ့သည် မဟုတ်ပါလား။ သို့သော် ကျနော်သည် ထိုသတင်းကို လုံးဝမသိခဲ့။
အကယ်၍ ထိုသတင်းကို ကျနော် ကြိုသိနေခဲ့မည်ဆိုလျှင် ကျနော့်ကို အရူးတယောက်ဟု ဆိုချင်ဆိုပါစေ၊ ကျနော်သည် ဂန်တာ ဂရပ်စ်ကို မဖြစ်မနေ ဝင်တွေ့ ဝင်စကားပြောဖြစ်မည်မှာ မုချ။
ခုတော့ အခွင့်အရေးကြီးတခုတော့ ဆုံးရှုံးလိုက်ရပြီဟု တွေးကာ ယူကြုံးမရ ဖြစ်ရပါတော့တယ်။
အမှန်အတိုင်း ဝန်ခံရလျှင် ကျနော်ဟာ ဂန်တာဂရပ်စ်ရဲ့ ကဗျာတွေကို အစပိုင်းက မခံစားတတ်ခဲ့ပါ။ နားလည်ခြင်းလည်း မရှိခဲ့ပါ။ သို့သော် နောက်တော့ ဂန်တာ ဂရပ်စ်ရဲ့ ကဗျာတွေကို ထပ်ပြန်တလဲလဲ ဖတ်ရင်းက သူ့အကြောင်းတွေ လေ့လာရင်းက ဂန်တာ ဂရပ်စ်ကို ချစ်ခင်လေးစား ရူးသွပ်လာပါတော့တယ်။
နောက် နှစ်နှစ်အကြာ ၁၉၉၉ ခုနှစ်မှာတော့ ကျနော်ချစ်ခင်ရူးသွပ်ရတဲ့ ဂျာမန်ကဗျာဆရာ “ဂန်တာ ဂရပ်စ်” စာပေနိုဘယ်ဆု ရပါတယ်။ ကျနော့်မှာ ကျေနပ်ကြည်နူးလို့ မဆုံးတော့ပါဘူး။
ကဲ ဂန်တာ ဂရပ်စ်အကြောင်း ထပ်ပြောစရာ အရေးကြီးတဲ့အချက်တွေ ကျနော့်မှာ ရှိတော့ရှိပါသေးတယ်။ ဒါပေမဲ့ စာလည်း တော်တော်ရှည်လာပြီမို့ ဒီမှာပဲ ရပ်နားလိုက်ပါရစေ။ ဂန်တာ ဂရပ်စ်ရဲ့ ကဗျာတွေထဲက ကျနော်စိတ်ဝင်စားမိတဲ့ ကဗျာပိုဒ်တချို့ကိုတော့ ရွေးထုတ် ဖော်ပြပေးလိုက်ပါတယ်။
ငါတို့
တနေ့မှာ
ဥထဲမှ လွတ်မြောက်လျှင် လွတ်မြောက်ချင်း
ငါတို့ကိုသားဖောက်နေသူ
ဘယ်သူရဲ့ ရုပ်ပုံကားချပ်ကိုမဆို
ငါတို့ရေးဆွဲအံ့။
(ဥတွေထဲမှာ ကဗျာမှ)
အိမ်အပြန်နောက်ကျခဲ့
ငါ့သော့နဲ့ အိမ်တံခါးကို ဖွင့်ခဲ့
တချိန်တည်းမှာ
ငါလိုအပ်နေတဲ့သော့တချောင်း
ငါ့အိမ်ထဲကိုဝင်ဖို့ ငါ့သော့ကလေးကို
အမဲလိုက်သလို
ရှာဖွေခဲ့ရတာ သတိပြုမိခဲ့။
ပြီးတော့
ရှေ့ကိုကုန်းခဲ့
ရှူးဖိနပ်တရံကို ချွတ်ခဲ့
တချိန်တည်းမှာပဲ
ငါတို့
ရှူးဖိနပ်တွေကို ချွတ်ပစ်ချင်တယ်ဆိုရင်
ရှေ့ကို ကုန်းကြရတယ်ဆိုတာ
သတိပြုမိခဲ့။
(မာန်နတ်ကဗျာထဲမှ)
ကျနော်ကတော့ ဂျာမန်ပဉ္စလက်သရုပ်မှန် ကဗျာဆရာ “ဂန်တာ ဂရပ်စ်” ကို လေးစား လေးနက်နေမိပါတော့တယ်။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)