Home
ဆောင်းပါး
ပြည်သူတွေရဲ့ ယုံကြည်ရာ DVB ရုပ်သံသတင်းမီဒီယာ
DVB
·
July 20, 2024

 

ဝါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောခဲ့ဖူးတယ်။

“သတင်းသမားဆိုတာ အမှန်တရားကို ဖော်ထုတ်နေရုံနဲ့ မပြီးဘူး၊ အမှားတရားတွေကိုလည်း တွန်းလှန် တိုက်ပွဲဝင်ရမယ်” တဲ့။

စစ်အာဏာရှင်တွေ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ စိုးမိုးဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အမှန်တရားကို ထုတ်ဖော်ပြောဆိုသူတွေ၊ အမှန်တရားအတွက် တောင်းဆိုသူတွေ၊ အမှန်တရားအတွက် တိုက်ပွဲဝင်သူတွေဟာ ဖမ်းဆီး၊ အကျဉ်းချ၊ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခံနေကြရတယ်။

ဒီလို ရက်စက်ကြမ်းကြုတ် ဖိနှိပ်မှုတွေကြားကပဲ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုင်းရင်းသားပြည်သူတွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ CDM တွေ၊ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ သတင်းစာဆရာတွေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေထဲမှာ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ဟာလည်း တခုပါအဝင် ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေရဲ့ ဝါဒဖြန့်ချိရေး ယန္တရားအောက်မှာ ပျံ့နှံ့နေတဲ့ အမှားတရားတွေကို တိုက်ဖျက်တွန်းလှန် တိုက်ပွဲဝင်ရာမှာလည်း ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ဟာ ရှေ့တန်းက ပါဝင်နေခဲ့တယ်။ အဓမ္မကို တိုက်ဖျက် ဓမ္မဘက်က ရပ်တည်ကြတဲ့ ပြည်သူတွေရဲ့ အသံဟာ DVB ရဲ့အသံ ဖြစ်တယ်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေ၊ ကျောင်းသားသပိတ်၊ အလုပ်သမားသပိတ်၊ ထွန်တုံးတိုက်ပွဲနဲ့ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲပါ မကျန် ပြည်သူတို့ရဲ့ တော်လှန်မာန် တော်လှန်အသံတွေဟာလည်း DVB ရေဒီယိုနဲ့ ရုပ်မြင်သံကြားရဲ့ ဖန်သားပြင်မှာ ထင်ဟပ်ခဲ့တယ်။

မြို့ပြနဲ့ တောကြိုအုံကြား ကျေးလက်မကျန် ဖိနှိပ်ခံ တိုင်းရင်းသားပြည်သူတွေရဲ့ ဘဝအမောတွေ၊ လယ်သိမ်းမြေသိမ်းခံ တောင်သူလယ်သမားတွေရဲ့ အခက်အခဲတွေ၊ အဓမ္မခိုင်းစေခံရသူတွေ၊ အာဏာရှင်စစ်တပ်ရဲ့ ရွာမီးရှို့၊ လူသတ်၊ ဓားပြတိုက်၊ ပစ္စည်းလု၊ အဓမ္မပြုကျင့်ခံရသူတွေရဲ့ အဖြစ်ဆိုးတွေ၊ စစ်ပွဲတွေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ဒုက္ခသုတ်ခတွေဟာ DVB ရဲ့ ပုံရိပ်လွှာတွေ ဖြစ်တယ်။

DVB သတင်းဌာနဟာ အဖိနှိပ်ခံ ပြည်သူတွေအတွက်တော့ အာဏာရှင်အုပ်စိုးသူတွေရဲ့ အကျင့်ပျက် ခြစားမှုတွေ၊ မတရားမှုတွေ၊ အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ရင်ဖွင့်တိုင်ကြားကြတဲ့ တရားခုံရုံးတခု သဖွယ်လည်း ဖြစ်တယ်။

ပြည်သူတွေရှိနေရင် DVB ရှိမယ်၊ ပြည်သူတွေရှိတဲ့အရပ်မှာ DVB ရှိနေမယ်၊ ပြည်သူတွေနဲ့ အနီးဆုံးမှာ DVB ရှိနေမယ်၊ ပြည်သူတွေရဲ့ ယုံကြည်အားထားရာ သတင်းဌာနဟာ DVB ဖြစ်တယ်။

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)ကို ၁၉၉၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ နော်ဝေနိုင်ငံ အော်စလိုမြို့ကနေ စတင်ထုတ်လွှင့်ခဲ့တာက အခု ၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ  ၃၂ နှစ်တိုင် ရှိပြီ ဖြစ်ပါတယ်။

ရှေ့ဆက်ပြီးလည်း DVB  အနေနဲ့ ပြည်သူတွေသိရှိလိုတဲ့သတင်းတွေ ပြည်သူတွေသိဖို့လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဝန်ဆောင်မှုပေးရင်း  ပြည်သူတွေနဲ့အတူ အမှန်တရားကို ဖော်ထုတ်၊ ဓမ္မဘက်က ရပ်တည်၊ အဓမ္မကို တိုက်ဖျက်သွားမယ်။ 

ပြည်သူအားလုံးအတွက် DVB 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013