ရုရှားအတွက် သူလျှိုအဖြစ် စွပ်စွဲခံထားရတဲ့ အဖြူရောင် ဘယ်လူဂါ ဝေလငါးတကောင် သြဂုတ် ၃၁ ရက်မှာ သေဆုံးနေတာ တွေ့ခဲ့တယ်လို့ သူ့လှုပ်ရှားမှုတွေကို ခြေရာခံနေတဲ့ နော်ဝေ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Marine Mind အဖွဲ့ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက စက်တင်ဘာ ၂ ရက်မှာ ဖော်ပြပါတယ်။
ဝေလငါးကို ခေါ်ဝေါ်သုံးနှုန်းတဲ့ နော်ဝေ စကားလုံးနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ပထမဆုံးနာမည် ပေါင်းစပ်ထားပြီး အိပ်ချ် ဗလာဒီမီယာလို့ အဲဒီဝေလငါးအတွက် နာမည်ပေးထားပါတယ်။
နော်ဝေနိုင်ငံတောင်ပိုင်း ရိဆာဗီကာ ပင်လယ်အော်မှာ ငါးမျှားနေတဲ့ သားအဖနှစ်ယောက်က ဒီဝေလငါး သေဆုံးနေတဲ့အကြောင်း သတင်းပေးပို့ခဲ့တာလို့ နော်ဝေပြည်သူ့အသံလွှင့်ဌာန NRK က ကြေညာပါတယ်။
အိပ်ချ် ဗလာဒီမီယာဟာ ဘယ်လူဂါ ဝေလငါးသက်သက် မဟုတ်ဘဲ မျှော်လင့်ချက်ရဲ့ မီးရှူးတန်ဆောင်၊ ချိတ်ဆက်မှုသင်္ကေတ တရပ်၊ လူသားတွေနဲ့ သဘာဝကမ္ဘာအကြား နက်ရှိုင်းတဲ့ နှောင်ကြိုးကို သတိပေးသူဖြစ်တယ်လို့ Marine Mind NGO က လူမှုမီဒီယာမှာ ဖော်ပြပါတယ်။
အိပ်ချ် ဗလာဒီမီယာကို ရုရှားရေကြောင်းနယ်နိမိတ်ကနေ မိုင် ၁၉၀ လောက် ကွာဝေးတဲ့ နော်ဝေနိုင်ငံ မြောက်ဘက် အင်ဂိုယာကျွန်းနားမှာ ၂၀၁၉ ခုနှစ်က ပထမဆုံး တွေ့ရှိခဲ့တာပါ။
အဲဒီအချိန်မှာ ဝေလငါးရဲ့ကိုယ်မှာ ကင်မရာငယ်တခုအတွက် တောင်ပုံသဏ္ဌာန်ရှိတဲ့ သိုင်းကြိုးကို ဝတ်ဆင်ထားပါတယ်။ သိုင်းကြိုးပေါ်မှာ အင်္ဂလိပ်လို စိန့်ပီတာစဘက် ပစ္စည်းလို့ တံဆိပ်ခတ်နှိပ်ထားပါတယ်။ ဒီဝေလငါးဟာ လူတွေကို အလွန်စိတ်ဝင်စားပြီး လက်အချက်ပြမှုတွေကို တုံ့ပြန်နိုင်ပါတယ်။
ဒါကြောင့် ဒီဝေလငါးဟာ နော်ဝေရေပြင်ဆီ ရေကူးမလာခင်က သုတေသန အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ရုရှားမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဖူးတယ်လို့ နော်ဝေ ပြည်တွင်းထောက်လှမ်းရေး အေဂျင်စီက ယူဆခဲ့ပါတယ်။
အိပ်ချ် ဗလာဒီမီယာနဲ့ ပတ်သက်တဲ့ စွဲချက်တွေကို ရုရှားအစိုးရက ဘယ်တုန်းကမှ မတုံ့ပြန်ခဲ့ပါဘူး။
အိပ်ချ် ဗလာဒီမီယာဟာ အသက် ၁၅ နှစ်ဝန်းကျင် ရှိပြီလို့ မီဒီယာအများအပြားက ခန့်မှန်းကြပါတယ်။
ဘယ်လူဂါ ဝေလငါးတွေဟာ ပုံမှန်အားဖြင့် အနှစ် ၄၀ ကနေ ၆၀ အတွင်း အသက်ရှည်ကြပါတယ်။
Source-Reuters