အာဖဂန်နစ္စတန်နိုင်ငံမှာ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေဟာ ၂,၄၀၀ ကျော်အထိ ရှိလာပြီဖြစ်တယ်လို့ တာလီဘန်အစိုးရက အောက်တိုဘာ ၈ ရက်မှာ အတည်ပြုပါတယ်။
ဒါဟာ နှစ်ပေါင်းများစွာအတွင်း တောင်တန်းထူထပ်တဲ့ ဒီနိုင်ငံအတွက် လူအသေအပျောက် အများဆုံး ငလျင်ဖြစ်တယ်လို့ ဆိုပါတယ်။
အာဖဂန်အနောက်ပိုင်းမှာ ပြီးခဲ့တဲ့စနေနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆ ဒသမ ၃ အဆင့် မြေငလျင်ဟာ ဟီရတ်မြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၂၀ အကွာအထိ ထိခိုက်မှု ဖြစ်ပေါ်စေခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒစစ်တမ်းအဖွဲ့ (USGS) က ထုတ်ပြန်ထားပါတယ်။
ဒီနှစ်အတွင်း ကမ္ဘာကြီးရဲ့ အသေအပျောက် အများဆုံး မြေငလျင်တွေထဲမှာ အာဖဂန်ဖြစ်ရပ် ပါဝင်လာခဲ့သလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း တူရကီနဲ့ ဆီရီးယားနိုင်ငံတို့ရဲ့ မြေတုန်ခါမှုအတွင်း ခန့်မှန်းခြေအားဖြင့် လူပေါင်း ၅၀,၀၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် တောင်တွေဝန်းရံရာ အာဖဂန်နစ္စတန်နိုင်ငံမှာ အင်အားပြင်းငလျင်တွေ ပေါ်ပေါက်တတ်တဲ့ သမိုင်းကြောင်းရှိပြီး ပါကစ္စတန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဟိန္ဒူကွတ်ရှ် ဒေသမှာ အဖြစ်များလေ့ ရှိပါတယ်။
ဒီနိုင်ငံမှာ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့တဲ့စစ်ပွဲကြောင့် အခြေခံအဆောက်အအုံတွေက ခိုင်ခံ့မှုမရှိတဲ့အပြင် ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပါ စီစဉ်နိုင်ဖို့အတွက် ခက်ခဲတယ်လို့ သိရပါတယ်။
ဒါကြောင့် ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေက အချက်အလက်တွေ ရောက်လာချိန်မှာတော့ သေဆုံးသူဦးရေ အကြိမ်ကြိမ် မြင့်တက်လေ့ရှိကြောင်း ဖော်ပြထားပါတယ်။
Source/Photo-Reuters