Home
မြန်မာသတင်း
မြဝတီ-ဝေါလေလမ်းရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရ
DVB
·
October 4, 2023
PDF (04-1--2023)

ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေလမ်းပိုင်းက စစ်ကောင်စီတပ်စခန်းတွေ ပြောက်ကျားတိုက်ခိုက်ခံရတာကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိနေပြီး ဒီထက် ပိုမိုပြင်းထန်တဲ့ စစ်ဆင်ရေးတွေ ရှိလာမယ်လို့ VENOM စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

ကရင်ပြည်နယ် မြဝတီ-ဝေါလေလမ်းပိုင်းကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စတင်ထိန်းချုပ်ထားခဲ့ပြီး တိုက်ပွဲတွေ ငြိမ်သက်ခဲ့ရာက တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

အောက်တိုဘာ ၁ ရက် နေ့လယ် ၂ နာရီလောက်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြဝတီမြို့နယ် ရွှေအေးမြိုင်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာစစ်ကြောင်း ၂၊ VENOM စစ်ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ၃ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဩဂုတ် ၃၀ ရက်ကစတင်ပြီး ပြောက်ကျားစစ်ဆင်ရေးအနေနဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) စခန်းကုန်းဟောင်း၊ ဥကရစ်ထစခန်းကုန်းကို ၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး အခု ရွှေအေးမြိုင်ဘုရားကုန်း အပါအဝင် ၄ ကြိမ်မြောက် တိုက်ခိုက်ခဲ့တာပါ။

ကော်ဘရာစစ်ကြောင်း ၂ VENOM စစ်ကြောင်းမှူး ဗိုလ်မှူး စောဝင်းမြင့်က “ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်တာက ဥကရစ်ထစခန်းမှာ၊ စစ်ကောင်စီရဲ့ အင်အားက အရမ်းကိုများနေတယ်။ အရမ်းများတော့ သူတို့ကို အေးအေးချမ်းချမ်း မနေရဖို့ အမြဲတမ်း တုန်လှုပ်‌ချောက်ချားနေရအောင်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ပူးပေါင်းတပ်ဘက်က ထိခိုက်သူ မရှိခဲ့ပါဘူး။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် တောင်ယာလုပ်ငန်းခွင် ဝင်ရောက်နေတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဘက်က ၃ ယောက် သေဆုံးပြီး ခမရ ၅၈၅ တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းကျော် အပါအဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး မြေပြင်မှာ ထိခိုက်ဒဏ်ရာရရှိသူ ဒီထက်များပြားနိုင်တယ်လို့ VENOM စစ်ကြောင်းက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစတင်ပြီး သေ့ဘောဘိုး၊ ကျောက်ခက်၊ လေးဒေး၊ ဝေါလေ၊ ဥကရစ်ခီး၊ ဥကရစ်ထ၊ မုလအိ၊ စုကလိ၊ ဝါးမီထ စတဲ့ကျေးရွာက ဒေသခံ ပြည်သူ ၁၀,၀၀၀ ကျော်ဟာ မြန်မာ-ထိုင်းနယ်စပ်တလျှောက်မှာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013