Home
နိုင်ငံတကာ
မြောက်ကိုရီးယားဘက် ထွက်ပြေးခဲ့သည့် အမေရိကန်စစ်သား နိုင်ငံပြန်ရောက်
DVB
·
September 28, 2023
US SOLDIER TRAVIS KING_Reuters_28092023

ဇူလိုင်လတုန်းက မြောက်ကိုရီးယားကို ထွက်ပြေးသွားတဲ့  အမေရိကန်စစ်သား ထရားဗစ်စ်ကင်း ဟာ မြောက်ကိုရီးယားကနေ တရုတ်နိုင်ငံကို နှင်ထုတ်ခံရပြီးနောက် အခုတော့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိတော့မယ်လို့ အမေရိကန် အာဏာပိုင်တွေက စက်တင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် ထရားဗစ်စ်ကင်းဟာ လုံခြုံရေးထူထပ်တဲ့ တောင်ကိုရီးယားနယ်စပ်ကို အရပ်ဘက်ခရီးစဉ်နဲ့ သွားရောက်နေချိန် ဇူလိုင် ၁၈ ရက်က တောင်ကိုရီးယားကနေ မြောက်ကိုရီးယားထဲကို ရုတ်တရက် ပြေးဝင်သွားခဲ့တာဖြစ်ပြီး သူ့ကို ချက်ချင်းပဲ ​မြောက်​ကိုရီးယား အချုပ်​ခန်းထဲ ထည့်ထားခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုဟာ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံကနေ ရဲဘော် ထရားဗစ်စ်ကင်းရဲ့ အပြန်ခရီးကို အာမခံ ခေါ်ဆောင်လာပြီဖြစ်ကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမစ်လာက သတင်းထောက်တွေကို ပြောပါတယ်။

ဒီနေ့အစောပိုင်းမှာပဲ ထရားဗစ်စ်ကင်းကို မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံ နယ်စပ်ကို ပို့ဆောင်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး နီကိုးလပ်စ် ဘန်းစ်နဲ့ တွေ့ဆုံခဲ့ကြောင်း၊ အဲဒီကနေ သူဟာ နိုင်ငံခြားရေးဌာန လေယာဉ်နဲ့ လိုက်ပါခဲ့ပြီး တရုတ်နိုင်ငံ၊ ဒန်ဒုံးကနေ ရှန်းယန်းကို ပျံသန်းခဲ့ပြီးနောက် ရှန်ယန်းကနေ တောင်ကိုရီးယားရှိ အိုဆန် လေတပ်အခြေစိုက်စခန်းကို ထွက်ခွာခဲ့ပြီးတော့ ကာကွယ်ရေးဌာနကို လွှဲပြောင်းပေးခဲ့တာလို့လည်း ဆိုပါတယ်။

ထရားဗစ်စ်ကင်း ပြန်ရောက်လာတာဟာ မြောက်ကိုရီးယားနဲ့ ကျယ်ပြန်တဲ့ တိုးတက်မှု လက္ခဏာတရပ်အဖြစ် မရှုမြင်ကြောင်းနဲ့ ဒီကိစ္စမှာ တရုတ်က ကြားဝင်ဆောင်ရွက်ပေးခဲ့တာ မဟုတ်ကြောင်းလည်း မတ်ထ်မစ်လာက ပြောပါတယ်။

ဒါပေမဲ့လည်း အလွှဲအပြောင်းကို ပံ့ပိုးပေးရာမှာ ဒါမှမဟုတ် ဖြတ်သန်းမှု အဆင်ပြေ ချောမွေ့စေရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို အရမ်းတန်ဖိုးထားပါတယ်လို့လည်း ပြောဆိုပါတယ်။

ဒီအလွှဲအပြောင်းကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဆွီဒင်နဲ့ တရုတ်နိုင်ငံတို့ကိုလည်း ကျေးဇူးတင်ရှိကြောင်းလည်း ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးကို ပွင့်လင်းမြင်သာအောင် လုပ်ထားပြီး မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးကို ကြိုဆိုကြောင်းနဲ့ အဲဒါကို သူတို့က အမြဲတမ်း ငြင်းဆန်နေတာလို့လည်း ဆိုပါတယ်။

ထရားဗစ်စ်ကင်းဟာ မြောက်ကိုရီးယားကို ပထမဆုံး နယ်စပ်ဖြတ်ကျော်သွားကတည်းက သူတို့ကို အကြိမ်ပေါင်းများစွာ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ အမေရိကန်ရဲ့ တိုက်ရိုက်ချဉ်းကပ်မှုတွေကို ပယ်ချခဲ့ပြီး ဆွီဒင်နဲ့ စကားပြောဆိုခဲ့အပြီးမှာ ဆွီဒင်က ဒီလွှဲပြောင်းမှုကို ညှိနှိုင်းကူညီပေးခဲ့တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ခုတော့ ထရားဗစ်စ်ကင်းဟာ အမေရိကန်ကို ခရီးဆက်နေပြီး တက္ကဆက်ပြည်နယ်ရှိ ဘရွတ်ခ် စစ်ဆေးရုံကို သွားနေပြီဖြစ်ကြောင်း အမေရိကန်အရာရှိတဦးက ပြောပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013