Home
မြန်မာသတင်း
မိုးရေးမြို့ဘက် တိမ်းရှောင်နေသည့် မြန်မာစစ်ရှောင်များ ရာသီတုပ်ကွေး ဖြစ်ပွားနေ
DVB
·
September 25, 2023
381513364_836095318159139_5886270885854659233_n

အိန္ဒိယ-မြန်မာနယ်စပ်၊ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့ဘက်မှာ တိမ်းရှောင်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေဟာ ရာသီတုပ်ကွေးတွေ အဖြစ်များနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

သောက်သုံးရေ မသန့်ရှင်းတာ၊ အမိုးအကာကောင်းကောင်းနဲ့ မနေထိုင်ရတာ၊ စောင်၊ ခြင်ထောင်တွေ လုံလောက်စွာ မရှိတာကြောင့် ရာသီတုပ်ကွေးတွေ ဖြစ်ပွားလာတာလို့ ဆိုပါတယ်။

ဆေးခန်းတခါပြရင် အိန္ဒိယရူပီး ၁,၅၀၀ ကျော် ၂,၀၀၀ ဝန်းကျင်၊ မြန်မာငွေ ၃၀,၀၀၀ ဝန်းကျင် ကုန်ကျနေတာကြောင့် တော်ရုံအခြေအနေနဲ့ ဆေးမကုနိုင်ကြဘူးလို့ မိုးရေးမြို့ဘက်မှာ တိမ်းရှောင်နေတဲ့ မြန်မာစစ်ဘေးရှောင်တဦးက ပြောပါတယ်။

“တအိမ်မှာ မိသားစုဝင်တယောက် ဖျားရင် တအိမ်လုံး ဖျားကြတာ။ အခု တော်တော်အဖြစ်များနေတယ်။‌ ဆေးကုဖို့ကြတော့လည်း ငွေကြေးမတတ်နိုင်တော့ ဆေးမြီးတိုတွေနဲ့ပဲ ကိုယ့်ဘာသာကိုယ် သောက်ပြီးနေရတယ်။”

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ အရင်က မြန်မာစစ်ဘေးရှောင် ၅,၀၀၀ ခန့်ရှိခဲ့ပြီး  ပြည်နယ်တွင်း လူမျိုးရေးအဓိကရုဏ်း ဖြစ်ပွားပြီးနောက်မှာ စစ်ဘေးရှောင် ၁,၅၀၀ ဝန်းကျင်သာ ရှိတော့တယ်လို့ သိရပြီး စစ်ရှောင်တွေဟာ တနေရာတည်းမှာ စုစည်းပြီး မရှိတာကြောင့် ရာသီတုပ်ကွေးဖြစ်ပွားနေတဲ့ စစ်ရှောင်အရေအတွက်ကို အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

တမူးမြို့နယ် ကြားကာလဆေးခန်းမှာ ဆေးကုပေးနေတဲ့ ဆရာဝန်တဦးက မိုးရေးဘက်က စစ်ရှောင်တွေဟာ ပြည်နယ်တွင်း လူမျိုးရေးအခြေအနေတွေကြောင့် ပြည်တွင်းဘက်လာပြီး ဆေးမကုနိုင်ကြဘူးလို့ ပြောပါတယ်။

လက်ရှိမှာ နယ်စပ်ဒေသက စစ်ဘေးရှောင်တွေအနေနဲ့ စားဝတ်နေရေး အခက်အခဲတွေ ရှိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

အရင်က မိုးရေးမြို့အနီးတဝိုက်မှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေကို လစဉ် ကူညီထောက်ပံ့မှုတွေ ပေးနိုင်ခဲ့ပေမဲ့ အခုနှစ် နှစ်ဆန်းပိုင်းကစပြီး ပါဝင်ပံ့ပိုး ကူညီပေးနိုင်မယ့်သူ အားနည်းတာတွေနဲ့ မိုးရေးမြို့နယ်ရဲ့ နယ်စပ်ရေးရာ အခြေအနေတွေကြောင့် မကူညီနိုင်တော့ဘူးလို့ ကူကီး အမျိုးသမီး‌ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်း တာဝန်ခံ မဘွိုင်နူးက ပြောပါတယ်။

ဓာတ်ပုံ-ကူကီးအမျိုးသမီးဆိုင်ရာလူ့အခွင့်အရေးအဖွဲ့အစည်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013