Home
မြန်မာသတင်း
မြန်မာစစ်ရှောင်များကို နေရပ်ပြန်မပို့ရန်နှင့် ရွှေ့ပြောင်းလုပ်သားအခွင့်အရေးဆောင်ရွက် ပေးရန် ထိုင်းအစိုးရကို တောင်းဆို    
DVB
·
December 18, 2023
workers 18122023

မြန်မာပြည်တွင်းစစ်ကြောင့် ထိုင်းနယ်စပ်ထဲကို ဝင်ရောက်ခိုလှုံနေရတဲ့ စစ်ဘေးရှောင်တွေကို အတင်းအကျပ် နေရပ်ပြန်မပို့ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းဖွင့်ပေးဖို့နဲ့ ရွေ့ပြောင်းလုပ်သား အခွင့်အရေးတွေ အပြည့်အဝရအောင် ဆောင်ရွက်ပေးဖို့ ထိုင်းမြောက်ပိုင်း အလုပ်သမားကွန်ယက်အဖွဲ့က  ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။ 

ဒီဇင်ဘာ ၁၈ ရက် ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများနေ့ အထိမ်းအမှတ်အကြိုအဖြစ် မနေ့ညပိုင်းက ထိုင်းနိုင်ငံချင်းမိုင်မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ တောင်းဆိုခဲ့ကြတာပါ။

မြန်မာပြည်တွင်းစစ်ကြောင့် ထိုင်းနယ်စပ်တလျှောက်ခိုလှုံလာသူတွေဟာ နေရပ်ပြန်ဖို့လည်း ဘေးကင်းလုံခြုံမှုမရှိသေးတဲ့အပြင်၊ စားဝတ်နေရေးအခက်အခဲ၊ ကျန်းမာရေးကုသခွင့်မရှိတာ၊ ကလေးတွေပညာမသင်ကြားနိုင်တာတွေကြောင့် ထိုင်းအာဏာပိုင်တွေအနေနဲ့ လူသားချင်းစာနာ ထောက်ထားပြီး နေရပ်ပြန်မပို့သေးဖို့၊ ယာယီနေထိုင်ခွင့်အထောက်အထားတွေလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ 

ဒါ့အပြင် ထိုင်းအလုပ်သမားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တန်းတူအလုပ်သမားအ ခွင့်အရေး ရရှိရေး၊ နေ့တွက်လုပ်အားခ တနိုင်ငံလုံး တပြေးညီရရှိရေး၊ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ လိုက်လျောညီထွေလုပ်အားခတိုးမြှင့်ပေးရေး၊  အလုပ်အမျိုးအစားမရွေး ( နေ့စား / အချိန်ပိုင်း /ရာသီလိုက်လုပ်ကိုင်သူ )တွေ အပါအဝင် အလုပ်သမားတိုင်း လူမှုဖူလှုံရေးရန်ပုံငွေထဲ ပါဝင်ခွင့်ရရေး၊ အလုပ်သမားတိုင်း ခွဲခြားမှုမရှိဘဲ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုရရှိရေး စတာတွေတောင်းဆိုပါတယ်။ 

ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်က ပြဋ္ဌာန်းထားတဲ့ အပိုဒ်  ၈၇ အရ ရွှေ့ပြောင်းအလုပ်သမား တွေဟာလည်း တရားဝင်အသင်းအဖွဲ့ တည်ထောင်ခွင့်ရရေးကိုလည်း တောင်းဆိုပါတယ်။ 

ဒါ့အပြင် ပြည်တန်ဆာ နှိမ်နင်းရေး ဥပဒေဖျက်သိမ်းပေးရေး၊ လုပ်ငန်းခွင်မှာ အလုပ်သမတွေရဲ့  သဘာဝကျန်းမာ‌ရေးပေါ် နားလည်ပေးဖို့၊ လိင်ပြောင်းသူဖြစ်စေ၊ လိင်စိတ်ပြောင်းလဲသူ ဖြစ်စေ လုပ်ငန်းခွင်နဲ့ အလုပ်သမားအခွင့်အရေးမှာ ခွဲခြားဆက်ဆံခံရမှု ပပျောက်ရေးတွေပါ တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများနေ့ဟာ ဒီဇင်ဘာ ၁၈ ရက်မှာကျရောက်ပေမဲ့ အလုပ်သမားအများစုက တနင်္ဂနွေနေ့က အားလပ်ရက်ဖြစ်လို့ မနေ့က ကြိုတင် လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။

တောင်းဆိုချက်တွေပါတဲ့ ထုတ်ပြန် ကြေညာချက်ကိုတော့ အလုပ်သမားကိုယ်စားလှယ်တွေက ချင်းမိုင်ခရိုင်ဝန်ထံ ဒီနေ့သွားရောက်ပေးပို့ကြမယ်လို့  ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် မက်ပ်ဖောင်ဒေးရှင်း ရွှေ့ပြောင်းလုပ်သားရေးရားအတိုင်ပင်ခံ ထောင်းန်ခမ်းကဒီဗွီဘီကို ပြောပါတယ်။ 

အခမ်းအနားကို  ချင်းမိုင်စျေးကြီးအနီးရှိ  ဗုဒ္ဓဆထန် အဆောက်အဦဝင်းထဲမှာ မနေ့ ညနေက ကျင်းပခဲ့တာဖြစ်ပြီး အလုပ်သမားတွေက  လွဲခေါ့လမ်းအတိုင်း  ခေါင်းစည်းပိုစတာကိုင်ကာ စီတန်းလှည့်လည်ခဲ့ကြပါတယ်။

အခမ်းအနားမှာ မြောက်ပိုင်း အလုပ်သမားကွန်ရက်အဖွဲ့ဝင်တွေဖြစ်တဲ့ BEAM၊ MAP Foundation ၊ EMPOWER၊ HRDF၊ MPLUS အစရှိတဲ့ အဖွဲ့အစည်းပေါင်း ၁၀ ဖွဲ့လောက်က ဓာတ်ပုံ ပန်းချီပြသတာ လက်ကမ်းစာစောင်နဲ့ ပညာပေးစာအုပ်ဝေငှတာ၊ လက်မှုပညာ ထုန်ထုတ်ပစ္စည်းရောင်းချရန်ပုံငွေရှာတာ၊ အလုပ်သမားနဲ့ ဒုက္ခသည်တို့ဘဝ ထင်ဟပ်စေမဲ့ ပြဇာတ်တို တင်ဆက်တာ၊ တောင်းဆိုချက် ဖတ်ကြားတာတွေ ပြုလုပ်ခဲ့တယ်လို့  အလုပ်သမားကိုယ်စားလှယ်က ပြောသွားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013