Home
အနုပညာ
တော်လှန်အနုပညာရှင်များအတွက် Artist’s Shelter ထုတ်လုပ်ရေး စတင်
DVB
·
September 21, 2023
Artist Shelter_21092023

နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ အနုပညာရှင်တွေရဲ့ အနုပညာဖန်တီးမှုတွေကို ကာကွယ်ဖို့ Artist’s Shelter ကို ဖန်တီးဖြစ်ခဲ့တာလို့ ဒါရိုက်တာဏကြီးက ပြောကြားလိုက်ပါတယ်။

နွေဦးတော်လှန်ရေးမှာ ပါဝင်ပြီး အာဏာရှင်ကို ဆန့်ကျင်လို့ ကိုယ့်တိုင်းပြည်ကနေ စွန့်ခွာ တိမ်းရှောင်နေရတဲ့ အနုပညာရှင် အတတ်ပညာရှင်တွေကို အထောက်အပံ့ဖြစ်စေဖို့ Artist’s Shelter လို့အမည်ရတဲ့ ထုတ်လုပ်ရေးတခုကို ဒီနှစ် ဩဂုတ်မှာ အနုပညာသမားတွေ စုပေါင်း ဖန်တီးထားပါတယ်။

အဲဒီအနုပညာရှင်တွေရဲ့ ဖန်တီးမှုလက်ရာ ကာကွယ်ပေးဖို့နဲ့ တော်လှန်ရေးအလွန်ကာလမှာ ဆက်လက်ရပ်တည်နိုင်ဖို့ ရည်ရွယ်ပြီး Artist’s Shelter ကို တည်ထောင်ဖြစ်တာဖြစ်တယ်လို့ ဒါရိုက်တာဏကြီးက Artist’s Shelter မိတ်ဆက်တဲ့ စက်တင်ဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော်တို့ အဓိကရည်ရွယ်ချက်ကတော့ ရှောင်လာရတဲ့ Artist နဲ့ အခက်အခဲရှိနေတဲ့ Artist တွေ အနုပညာအလုပ် ဆက်လုပ်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ကူညီပေးဖို့ ကာကွယ်ပေးဖို့အတွက် Artist’s Shelter လေး ကျနော်တို့ စဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံမှာ rating system မရသေးဘူး။ ဒါကလည်း ကျနော်တို့ ဦးဆောင်ပြီး လုပ်ရမှာ၊ ဒီကထွက်လာတဲ့ Content တွေ အားလုံးလည်း ကျနော်တို့ကိုယ်ပိုင်ပေါ့၊ ပြုစုထားတဲ့ rating system လေးရှိတယ်။ နောက်တခုကတော့ မူပိုင်ခွင့်ကိစ္စ၊ ကျနော်တို့ Artist တွေရဲ့ မူပိုင်ခွင့်ကို ကာကွယ်ဖို့အတွက်ပေါ့။ ဒါကလည်း ကျနော်တို့ တော်လှန်ရေး မပြီးခင်ရော ပြီးသွားရင်ရော ကျနော်တို့ ဆက်လုပ်ရမယ့် အလုပ်တွေပေါ့နော်။ အဲဒီအလုပ်တွေအပြင် ကျနော်တို့ Artist တွေကို ကူညီဖို့၊ Artist တွေကို ကာကွယ်ဖို့ ကျနော်တို့ တော်လှန်ရေးပြီးသွားရင် ဆက်လုပ်ရမယ့် အလုပ်တွေပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာ Artist’s Shelter က နယ်စပ်တနေရာမှာ အနုပညာရှင်တွေ လုပ်ကိုင်ဖို့နေရာတွေ၊ ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ စက်တင်ဘာမှာ စတင်ပြီး လည်ပတ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ရှင်၊ ဂီတ၊ ဓာတ်ပုံ၊ ပန်းချီနဲ့ ဖန်တီးမှုအနုပညာရှင်တွေ စုပေါင်းပြီး ရုပ်ရှင် ဂီတတွေ ဖန်တီးပြီး တော်လှန်ရေးချန်နယ်တွေနဲ့လည်း ချိတ်ဆက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာ ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေပြီး လူငယ်တွေအတွက် ဂီတသင်တန်းနဲ့ ရုပ်ရှင်ဖန်တီးမှု သင်တန်းတွေလည်း ဆက်ပေးနေတယ်လို့ Artist’s Shelter ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ ဒီ Artist’s Shelter ဆိုတဲ့ အောက်မှာ အဓိက အများကြီးရှိနေတာတော့ အနုပညာရှင်တွေပေါ့။ အဖွဲ့ဝင်တွေက ကျနော်တို့က တော်လှန်ရေးကာလလည်းဖြစ်တယ်၊ လုံခြုံရေးကို အထူးဂရုပြုနေရတဲ့ ကာလလည်းဖြစ်တော့ Public နဲ့တော့ အလုပ်လုပ်ဖို့ ခဲယဉ်းနေသေးတယ်ပေါ့။ လက်ရှိမှာတော့ ကျနော်တို့ အလုပ်တွေကို member only ပဲ၊ member တွေ သီးသန့်ပဲ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တခုတော့ ကျနော်တို့မှာ ရှိနေတယ်ပေါ့။ ပြီးတော့ နောက် ကျနော်တို့ Music Album ထုတ်လုပ်တဲ့လုပ်ငန်းတွေ ပြီးရင် ဓာတ်ပုံပြပွဲလိုဟာမျိုးတွေ၊ နောက် ရုပ်ရှင်ပွဲတော်လိုမျိုး အများကြီးဆက်လုပ်ဖို့လည်း ရှိတယ်ပေါ့။”

Artist’s Shelter ကို Member ဝင်နိုင်ဖို့က အာဏာရှင်တွေနဲ့ လုံးဝမပတ်သက်ဖို့၊ အာဏာရှင်ကို ဆန့်ကျင်နေတဲ့သူတွေ ဖြစ်ဖို့နဲ့ ကိုယ်ရေးအချက်အလက်ဖောင်တခု ဖြည့်ပေးဖို့ပဲ လိုအပ်တယ်လို့ ရုံးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Artist’s Shelter ကနေ ဒါရိုက်တာဏကြီး ရိုက်ကူးထားပြီး ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတိုတကား အပါအဝင် ရုပ်ရှင် ၃ ကားကိုလည်း နိုင်ငံတကာမှာ ပြသဖို့ အစီအစဉ်ရှိပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013