တားမြစ်ဆေးသုံးစွဲတာတွေ့ရှိခဲ့လို့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ပြစ်မှုထင်ရှားမယ်ဆိုရင် ၂ နှစ်ကနေ ၄ နှစ်အထိ ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်ပါတယ်။
ပြီးခဲ့တဲ့သြဂုတ် ၂၀ ရက်မှာ ဂျူဗင်တပ်က အူဒီးနိစ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အီတလီ တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က ကျပန်းစနစ်နဲ့ ရွေးချယ်ပြီး ပေါ့ဘာကို စစ်ဆေးခဲ့တာပါ။
ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ ပေါ့ဘာဟာ အားကစားသမားတွေရဲ့ ခံနိုင်ရည်ကို တိုးမြှင့်စေတဲ့ စတီးရွိုက်စ်ဟော်မုန်းတစ်ခုဖြစ်တဲ့ တက်စ်တိုစထရုန်း အသုံးပြုထားကြောင်း စစ်ဆေး တွေ့ရှိခဲ့တာပါ။
ပေါ့ဘာအနေနဲ့ ၃ ရက်အတွင်းမှာ ဖြေချင်းချက်ပေးသွားရမှာဖြစ်ပြီး ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ၂ နှစ်ကနေ ၄ နှစ်အထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။
လတ်တလောမှာတော့ ဆိုင်းငံ့ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံထားရကြောင်း ဂျူဗင်တပ်အသင်းဘက်ကလည်း အတည်ပြုခဲ့ပြီး လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရာဖယ်လာကတော့ ဒုတိယအကြိမ် စစ်ဆေးမှုကို စောင့်မျှော်နေပြီး ပေါ့ဘာအနေနဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ချင်တဲ့ဆန္ဒ မရှိကြောင်း ပြောထားပါတယ်။