ပြင်သစ်မှ ဗြိတိန်နိုင်ငံကို ရေလက်ကြားကိုဖြတ်လာတဲ့ သင်္ဘောတစီး စက်တင်ဘာ ၃ ရက်မှာ တိမ်းမှောက်နစ်မြုပ်ပြီး ရွှေ့ပြောင်းနေထိုင်သူ ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဂျရဲလ်ဒါးမနင်းက ပြောပါတယ်။
ပျောက်ဆုံးနေသူ ၂ ယောက်ကို ရှာဖွေဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြောင်းတယ်လို့လည်း ဆိုပါတယ်။
လာဗွားဒီနော သတင်းစာမှာတော့ လူပေါင်း ၅၀ ကျော်ကို ကယ်ဆယ်ဖို့ အဓိက လုပ်ဆောင်နေတယ်လို့ ရေးသားထားပါတယ်။
အစောပိုင်းတုန်းက ပြင်သစ်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက လူ ၁၀ ယောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။ ဗြိတိန်ကမ်းခြေစောင့်တပ်ဖွဲ့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
ပြည်ထဲရေးဝန်ကြီး ဒါးမနင်းဟာ နေ့လယ် နှောင်းပိုင်းမှာ ဘူးလုညူဆူးမဲ မြို့အနီးရှိ နေရာကို ရောက်လာဖို့ရှိကြောင်း CNews ရုပ်မြင်သံကြားက ကြေညာပါတယ်။
ဗြိတိန်နဲ့ ပြင်သစ် အစိုးရ ၂ ရပ်စလုံးအတွက် တရားမဝင် လူဝင်မှုကြီးကြပ်ရေးကို ကိုင်တွယ်ဖြေရှင်းဖို့က ဦးစားပေးကိစ္စ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၇ ရက်အတွင်းမှာ ဗြိတိန်ကို လူပေါင်း ၂,၀၀၀ ကျော် လှေငယ်တွေနဲ့ ရောက်လာခဲ့ကြကြောင်း ဗြိတိန်အစိုးရ ကိန်းဂဏန်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ တို့ဟာ ရွှေ့ပြောင်းမှောင်ခိုလမ်းကြောင်းတွေကို ဖျက်သိမ်းပစ်ဖို့ ကတိပြုခဲ့ကြပါတယ်။
ဒီရေလက်ကြားဟာ ကမ္ဘာပေါ်မှာ အလုပ်အများဆုံး သင်္ဘောလမ်းကြောင်းတွေထဲက တခုဖြစ်ပြီး ရေစီးလည်း သန်လှတာကြောင့် လှေငယ်တွေနဲ့ ဖြတ်ကူးတာဟာ အန္တရာယ်များပါတယ်။
ဩဂုတ်လအတွင်းက ရေလက်ကြားကိုဖြတ်ကူးဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တင်ဆောင်လာတဲ့ လှေတစင်းဟာ အခက်အခဲနဲ့ ကြုံခဲ့ရပြီးနောက် လူ ၂ ယောက် သေဆုံးခဲ့ပါတယ်။
Source-Reuters